ညီညွတ်ခြင်းမှသည် ဖက်ဒရယ်ပြည်ထောင်စု

53

ညီညွတ်ခြင်းမှသည် ဖက်ဒရယ်ပြည်ထောင်စု
—————————————-

မြတ်သွေးထက်

ကျွန်ုပ်တို့အားလုံး ညီညွတ်ကြဖို့လိုသည်။ ယင်းညီညွတ်မှုသည် စစ်အာဏာရှင်အုပ်စုကို ဖြုတ်ချကြရုံ သက်သက် ညီညွတ်ခြင်းမျိုးမဟုတ်။ ကမ္ဘာတည်သ၍ ညီညွတ်ကြခြင်းမျိုး ဖြစ်သင့်သည်။

မြန်မာနိုင်ငံသားများ အပေါ် ထားရှိသည့် နိုင်ငံတကာမူဝါဒများကို ဤနွေဦးတော်လှန်ရေးတွင် နိုင်ငံသားအားလုံး မျက်မြင်ထင်ရှား တွေ့မြင်ခဲ့ကြပြီ ဖြစ်သည်။

ကူကယ်ရာမဲ့ ဘဝမှသည် နိုင်ရာတာဝန် ထမ်းဆောင်ပြီး ညီညွတ်စွာ တော်လှန်နေ ခြင်းကြောင့်သာ သည်နေ့လို အခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်သည်။

အာဏာရှင်အုပ်စု ပြုတ်ကျသည်နှင့် တပြိုင်တည်း နိုင်ငံသားအားလုံး ယေဘုယျ လက်ခံလိုက်နာနိုင်မည့် ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ယာယီမူတခု ပြဌာန်းနိုင်အောင် NUG နှင့်တကွ တောင်တန်း၊ မြေပြန့် နိုင်ငံရေးကျွမ်းကျင် ပညာရှင်များက ကြိုတင်ပြင်ဆင် ထားရှိဖို့လိုသည်။

ယင်းယာယီအခြေခံမူကို နိုင်ငံသားများသာမက ကမ္ဘာကပါ လေးစားလက်ခံ လိုက်နာနိုင်မည့် မြန်မာနိုင်ငံဖက်ဒရယ်မူအဖြစ် အချိန်အတိုင်းအတာတခုအတွင်း အချောသတ်ရေးသား နိုင်ဖို့လိုသည်။

သို့မှသာ နိုင်ငံသားအားလုံးရဲ့ ညီညွတ်မှုကို ဆက်လက်ထိန်းညှိ ပေးနိုင်မှာဖြစ်သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာနိုင်မည်ဖြစ်သည်။

ဖက်ဒရယ်မူနှင့်ပတ်သက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် စသဖြင့် လိုရာဆွဲတလွဲထင်နေ ပြောနေကြတဲ့ လူများရှိသလို ကွန်ဖက်ဒရေးရှင်း၊ ကွန်ဖက်ဒရိတ် စသဖြင့် အရမ်းကာရော ပြောနေဆိုနေကြသူတွေကိုလည်း အများအပြားတွေ့မြင်နေရသည်။

အမျိုးသားညီညွတ်ရေး အစိုးရ(NUG)အနေနှင့် ဖက်ဒရယ်( Federal ) ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို တိတိကျကျ ဘာသာပြန်ဆိုပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆိုတာ ဘယ်လိုဟာကိုခေါ်တယ်၊ ဘယ်လိုလိုက်နာ ကျင့်သုံးရတယ်ဆိုတာမျိုး အတိအလင်း ချပြထားဖို့လိုသည်။

ယင်းကဲ့သို့ပင် ကွန်ဖက်ဒရေးရှင်း( Confede -raion )၊ ကွန်ဖက်ဒရိတ်( Confederate ) စတဲ့ စကားလုံးတွေကိုလည်း တိတိကျကျ ဘာသာပြန်ဆို အသိပေးထားဖို့ လိုအပ်သည်။

အဆိုပါ စကားလုံးများသည် နိုင်ငံသားအားလုံးရဲ့ ညီညွတ်မှုကို တစစီဖြစ်သည်အထိ ဖြိုခွဲပစ်နိုင်လောက်အောင် အလွန်အန္တရာယ် ကြီးမားလှသည့် စကားလုံးများဖြစ်သည်။

ယင်းဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး မြန်မာပြည် အာဏာရှင်အဆက်ဆက်က ဦးနေဝင်းရဲ့ မဟုတ် တန်းတရား ဘာသာပြန်ဆိုထားချက်ကို အဟုတ်ထင်နေကြသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မြေပိုင်ယာပိုင် အပိုင်စားရပြီး ပဒေသရာဇ်စနစ်လို သားစဉ်မြေးဆက် အုပ်ချုပ်သူလူတန်းစားအဖြစ် ရပ်တည်မည့် အုပ်ချုပ်ခွင့် နှင့်အတူ အမိန့်‌ပေးခိုင်းစေနိုင်သည့် ကိုယ်ပိုင်စစ်တပ် ရှိရမည်ဟု အထင်ရောက်နေကြသည်။

၎င်းကို စစ်အာဏာရှင်ခေတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများတွင် တွေ့မြင်နိုင်သည်။ ထို့အပြင် ယနေ့ လေသံသဲ့သဲ့ ကြားနေရတဲ့ ကွန်ဖက်ဒရေးရှင်းစနစ်ကိုလည်း ယင်းသို့ထင်မြင်ယူဆနေကြသည်။

သို့သော် ယနေ့ ဗြိတိန်၊ အိန္ဒိ ယနိုင်ငံတွေက ကွန်ဖက်ဒရေးရှင်းစနစ်ဖြင့် အုပ်ချုပ်ခွင့်ပေးထားသည့် ဒေသများတွင် ကိုယ်ပိုင်စစ်တပ်အဖြစ် ခွင့်ပြုထားသည်ကို မတွေ့ရပေ။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကသာ တိုက်ရိုက်ကွပ်ကဲသည်ကို အိန္ဒိယ တရုတ် နယ်စပ်ဒေသ အငြင်းပွားစစ်ပွဲများတွင် တွေ့ရှိရသည်။

ဗြိတိန်က ကွန်ဖက်ဒရိတ်ဖြင့် ထိန်းချုပ်ထားသည့် စကော့တလန်နိုင်ငံနှင့် အိန္ဒိယကွန်ဖက်ဒရိတ် အောက်က ဘူတန်နိုင်ငံတွေမှာ ဘုရင်စနစ်ဖြင့် သားစဉ်မြေးဆက် အရိုက်အရာခံယူ အုပ်ချုပ်ကြသည်။

သို့သော် စကော့တလန်နိုင်ငံက စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘူတန်နိုင်ငံက ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်သည်။ ဆိုလိုသည်မှာ ကိုယ်ပိုင်စစ်တပ် ထားခွင့်မရှိသည့် ခွဲထွက်နိုင်ငံငယ်လေးများဖြစ်သည်။ စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးသော စကော့တလန်နိုင်ငံတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်ဝန်ကြီးချုပ်ကို အသိအမှတ်ပြုပေးရုံသက်သက် ဖြစ်သည်။

နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားအားလုံးကို နိုင်ငံတော်ဝန်ကြီးချုပ်ကပင် တာဝန်ခံလုပ်ကိုင် ဆောင်ရွက်သည်။

ဗြိတိန်နိုင်ငံက ပြဌာန်းထားသည့် ဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတိုင်း အုပ်ချုပ်ရသည်။ ဗြိတိန်ပြည်ထောင်စုထံမှ ရရှိသည့် နိုင်ငံတော်အချိုးကျ ဘတ်ဂျက်ငွေကို သုံးစွဲခွင့်ရသည်။

သို့သော် ပဒေသရာဇ်စနစ်ဖြင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းအုပ်ချုပ် သော ဘူတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတိုင်း လိုက်နာကျင့်သုံးခြင်း မရှိသည့်အတွက် အိန္ဒိယနိုင်ငံထံမှ နိုင်ငံတော် အချိုးကျ ဘတ်ဂျက်ငွေများကို သုံးစွဲခွင့်မရ။

ထို့ကြောင့် စကော့တလန် နိုင်ငံနှင့် ဘူတန်နိုင်ငံနှစ်ခု နှိုင်းယှဉ်ကြည့်လျှင် တိုးတက်မှု များစွာခြားနားနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားကို လည်ပတ်သည့်နေရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေက ထိန်းညှိတည့်မတ်ပေးမည့် တရားရေးမဏ္ဍိုင်အောက်တွင် ရာဇဝတ်ဥပဒေ၊ တရားမ ဥပဒေနှင့်အတူ ဌာနဆိုင်ရာအက်ဥပဒေများ ရှိသေးသည်။

အင်္ဂလိပ်ရေးဆွဲထားသည့်မူကို တကမ္ဘာလုံးက အသုံးပြုနေကြခြင်းဖြစ်သည်။ သို့သော် အဆိုပါဥပဒေ အသီးသီးသည် ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် မပြည့်စုံတော့သည့် ဥပဒေများဖြစ်နေပြီဖြစ်သည်။

အချို့ဥပဒေများကို ပြင်ဆင်ဖို့လိုသလို အချို့ဥပဒေများကို အသစ်ထည့်သွင်း ဖြည့်စွက်ရေးဆွဲဖို့ လိုနေသည်။

ဆိုလိုသည်မှာ တရားရေးဌာန ဥပဒေတွင်ပါသည့် ဒဏ်ငွေတစ်ထောင်သည် ကိုလိုနီခေတ်ကဖြစ်၍ ယနေ့ရွှေဈေးနှင့်ငွေတန်ဘိုး မကိုက်ညီတော့သည့်အခါ ဒဏ်ငွေတစ်ထောင်သည် လူရယ်စရာ ဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အတူ အခြားဌာနဆိုင်ရာ အက်ဥပဒေများကို မြန်မာနိုင်ငံသားများသာမက ကမ္ဘာကပါ လေးစားလိုက်နာနိုင်အောင် ပြင်ဆင်ရေးဆွဲကြရမည် ဖြစ်သဖြင့် ပညာရှင်များစွာခေါ်ယူ တိုင်ပင်ရေးဆွဲဖို့လိုကြောင်း မိမိအာဏာရရှိရေးကိုသာ ကြိတ်ကြံစည်နေကြသည့် ခေါင်းဆောင်ဆိုသူများ စဉ်းစားထားဖို့လိုသည်။

သို့ဖြစ်၍ ဥပဒေပြုရေးသည် တဦးဆောင်သော်မရ တသောင်းဆောင်သော်ရ၏ ဆိုသလို ပညာရှင်များစွာ ပါဝင်ကြရပေလိမ့်မည်။

ယနေ့ကာလတွင် စုဖွဲ့မှုများစွာမှတဆင့် အာဏာရှင် လုံးဝကင်းစင်သည်အထိ လက်နက်ကိုင် တိုက် ခိုက်ကြရဦးမည် ဖြစ်သည်။

သို့သော် တိုက်ခိုက်ရေးသမားများက ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အတူ အခြားဌာနဆိုင်ရာ အက်ဥပဒေများစွာကို လူရိုသေရှင်ရိုသေဖြစ်အောင် ရေးဆွဲပြဌာန်းနိုင်ဖို့ တိုက်ခိုက် နေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်ထားသင့်သည်။

မိမိတို့ တတ်နိုင်သည့်ဘက်က နိုင်ရာတာဝန်ကိုသာ ရွေးချယ်ထမ်းဆောင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဖို့လိုသည်။

တပ်ပိုင်းဆိုင်ရာတာဝန်နှင့် ဥပဒေပြုရေး ဆိုင်ရာတာဝန်တို့၏ သီးခြားဆီရပ် တည်နေသည့် သဘောကို ကောင်းစွာသိရှိထားသင့်သည်။

ဥပဒေပြုရေးဆိုင်ရာ တာဝန်များကို အာဏာရှင်အဆက်ဆက်၏ တပ်ပိုင်းဆိုင်ရာက ဝင်ရောက်စွက်ဖက် လုပ်ကိုင်နေကြသဖြင့် မြန်မာ့နွေဦးတော်လှန်ရေး ဖြစ်ပွားလာရသည်ကို သတိချပ်သင့်သည်။

တော်လှန်ရေးပြီးလျှင် ဖက်ဒရယ်တပ်မတော် စစ်တန်းလျားကို သွားရမည်။ ဆက်လက်မထမ်းဆောင်လိုလျှင် ကိုယ့်အရပ်ပြန် ငြိမ်းအေးချမ်းသာစွာ စီးပွါးရှာလုပ်ကိုင် နေထိုင်နိုင်သည်။

ဥပဒေပြုရေးတာဝန် ထမ်းဆောင်လိုလျှင် စာတွေ့လက်တွေ့ နှံ့စပ်ကျွမ်းကျင်ဖို့လိုသည်။ စစ်ဖက်ဆိုင်ရာ ရာထူးကို လုံးဝစွန့်လွှတ်ရမည်။ မိမိတို့ နေထိုင်ရာ အရပ်ဒေသမှ ပြည်သူလူထု ထောက်ခံအောင် ကြိုးစားရမည်။

လက်နက်ကိုင် တိုက်ခိုက်ရေးသမားများနှင့် ဥပဒေပြု နိုင်ငံရေးသမားများသည် တဦးကိုတဦး အပြန် အလှန် ကျေးဇူးပြုနေကြသည်။ ပြုနေရမည်။

သို့မှသာ ညီညွတ်မှု မပြိုကွဲမှာဖြစ်ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော် အာဏာရှင်လက်အောက်မှာ ချို့တဲ့စွာနေထိုင်ခဲ့ရတဲ့ တိုင်းပြည်နဲ့ပြည်သူလူထုကို ကယ်တင်ရာရောက်မည်ဖြစ်သည်။

ညီညွတ်မှုခိုင်မာမှ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတတွေ အားကိုးလို့မရတော့ဘဲ ပြာပုံထဲက တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်မှာဖြစ်သည်။ ထိုမှ စီးပွါးရေးအင်အားကြီး တိုင်းပြည် တခုဖြစ်သည်အထိ ကမ္ဘာတည်သ၍ ညီညွတ်ကြရလိမ့်မည်။

မှတ်ချက်- ယင်းဆောင်းပါးသည့် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here