ဇန်နဝါရီ၊ ၁၅
ကချင်ပြည်နယ်၊ ချီဖွေမြို့အနီးက မေခမြစ်ရိုးတစ်လျှောက်မှာ လစဉ်ကြေး ကျပ်သိန်း ၂၀ ဝန်းကျင် လောက်အထိပေးပြီး ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘက်ဟိုးတွေ၊ စက်ယန္တရားကြီးတွေနဲ့ တူးဖော်လိုသူတွေဟာ လုပ်ကွက်ရဖို့နဲ့ ရွှေတူးခွင့်ရဖို့အတွက် စစ်ကောင်စီ၊ မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကို အထက်ပါအတိုင်းပေးသွင်းပြီး လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်ကို တစ်လ ၂ သိန်း၊ ရပ်ရွာကိုက ၁၀ သိန်း၊ တခြားရန်ပုံငွေတွေနဲ့ ဟိုပေးဒီပေးဆိုတော့ အားလုံးပေါင်းရင် ၁၈ သိန်းဝန်းကျင်လောက်ပေးပြီး တူးဖော်နေကြတယ်လို့ပြောတယ်။”လို့ ဒေသခံက ဆိုပါတယ်။
ရွှေတူးတဲ့သူတွေဟာ ၂၄ နာရီ တူးနေကြတဲ့အတွက် အနီးပတ်ဝန်းကျင်မှာ ဆူညံသံတွေ အမြဲကြားနေရတယ်လို့လည်း ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။
ရွှေတူးယူပြီး မြေစာတွေကို ဒီအတိုင်းပုံခဲ့ကြတဲ့အပြင် ရွှေကျင်းတွေကိုလည်း ပြန်မဖို့ထားခဲ့ကြတဲ့အတွက် ရေဆင်းချိုးတဲ့ ကလေးတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန် ချီဖွေဒေသထွက် ကျင်ရွှေတစ်ရွေးမှာ ကျပ် ၂၈,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး လက်ကျင်းသူတွေလည်း ရှိကြတယ်လို့ သိရပါတယ်။
“လက်နဲ့ကျင်တဲ့သူကတော့ သောင်းကဏန်းလောက်တော့ ပေးရတယ်(လစဉ်ကြေး) ပြောတယ်။ စက်တွေနဲ့ ရေထဲအထိ တူးတဲ့သူတွေကတော့ ပိုပေးရတယ်လို့ကြားတယ်။ သူတို့က မိုးတွင်းပြီးတာနဲ့ ပွင့်လင်းရာသီဆို တူးလာကြတာဟုတ်တယ်။”လို့ အထက်ပါ ဒေသခံကပြောပါတယ်။
ဒါ့အပြင် ချီဖွေဒေသအတွင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်မှုဧရိယာဘက်မှာရှိတဲ့ ချီဖွေမုတ်သုန်တောမှာလည်း ရွှေတူးဖော်တဲ့ လုပ်ငန်းဆိုဒ် ၂ ဆိုဒ်လောက် တူးဖော်နေကြတယ်လို့လည်း သိရပါတယ်။
အဲဒီဘက်မှာ ရွှေတူးဖော်ဖို့အတွက် လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီတပ်ဘက်နဲ့ ညှိနှိုင်းပြီး စက်သုံးဆီ သယ်ယူတာတွေ လုပ်ဆောင်နေတယ်လို့လည်း ချီဖွေဒေသခံအမျိုးသား နောက်တစ်ဦးက ပြောပါတယ်။
ချီဖွေမြို့ပေါ်မှာ ဓာတ်ဆီ တစ်ဂါလံကို ၂၂,၀၀၀ ကျပ်ရှိပြီး ဒီဇယ်ဆီကတော့ ၂၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
အရင်ကလို တော၊ တောင်တွေထဲမှာ တောင်ယာခင်းတွေ၊ စပါးခင်းတွေ သွားလုပ်ဖို့အတွက် နိုင်ငံရေးအခြေအနေကြောင့် သွားလာလို့မရတော့တဲ့အပြင် နေ့စားအလုပ်လည်း မရှိတဲ့အတွက် မိသားစုများတဲ့ ဒေသခံတွေဟာ မြို့နဲ့နီးတဲ့ နေရာမှာပဲ ရွှေတူးတာကို အလွယ်တကူ လုပ်နေကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။