Home ကချင်ပြည်နယ်သတင်း ထီခချောင်းအနီ...

ထီခချောင်းအနီးက ထီခကြိုးပြင်ကာကွယ်တော ဧရိယာထဲတွင် ရွှေတူးဖော်နေပြီး သစ်တောဌာနမှ လျစ်လျူရှုထား

66
ဓါတ်ပုံ- ထီခချောင်းအနီး သစ်တောဧရိယာတွင် ယခုနှစ်ဆန်းပိုင်းက ရွှေတူးဖော်နေကြစဉ်။

ဇွန်၊၁၆

ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့၊ ထီခချောင်းနားက ထီခကြိုးပြင်ကာကွယ်တောဧရိယာထဲမှာ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ ကျေးရွာတချို့ကပြည်သူတွေ ရွှေတူးဖော်နေတာကို သက်ဆိုင်ရာသစ်တောဌာနက ဘာမှလုပ်ဆောင်တာမရှိဘူးလို့ သိရပါတယ်။

အဲဒီနေရာတွေကို အရင်အစိုးရလက်ထက်က ရွှေတူးဖော်ဖို့ ခွင့်ပြုမပေးခဲ့တဲ့အတွက် တူးဖော်တာတွေ မရှိပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကုမ္ပဏီ ၃ ခုက ပြည်နယ်ကောင်စီရဲ့ ခွင့်ပြုချက်ရလို့တူးနေကြောင်း ကြားသိရတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြော ပါတယ်။

” အဲဒီနေရာက သစ်တောဧရိယာနေရာ ဖြစ်တဲ့အတွက် ကန့်ကွက်ပြီး တခြားကို ပြောင်းခိုင်းလိုက်တာ၊ အခုက အာဏာသိမ်းလိုက်တော့ အဲဒီမှာ ပြန်လာတူးကြတာ။ တခြားသူတွေလည်း အများကြီးရှိတယ်တဲ့။” လို့ အထက်ပါတာဝန်ရှိသူ အမျိုးသားက ဆိုပါတယ်။

ဓါတ်ပုံ- ထီခချောင်းအနီး သစ်တောဧရိယာတွင် ယခုနှစ်ဆန်းပိုင်းက ရွှေတူးဖော်နေကြစဉ်။

သစ်တောဧရိယာအတွင်း အဲဒီလို ရွှေအလွန်အကျွံ တူးဖော်နေကြတဲ့အတွက် ချောင်းရေတွေဟာ ရွှံ့ရေအဖြစ် ပြောင်းလဲသွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရွှံ့ရေဟာ ရေရှည်မှာ ရေနေသတ္တဝါတွေကို ထိခိုက်စေပြီး မိုးတွင်းရောက်ရင် ကမ်းပါးပြိုကျလာမှာကို စိုးရိမ်နေတယ်လို့ မချမ်းဘော့မြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီ အုပ်ချုပ်မှုအောက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေမြေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လာရောက်ပြီး ချောင်းရေကို ကြည့်ရှုခဲ့ပေမယ့် ဒေသခံတွေရဲ့တင်ပြချက်တွေကို အလေးနက်ထားဆောင်ရွက် ပေးမှုမရှိဘူးလို့လည်း ဆက်လက်ပြောပါတယ်။

ဒေသခံတွေအနေနဲ့ မနှစ်က ဒီဇင်ဘာလမှာ ရွှေတူးဖော်တာကို ရပ်တန့်ပေးဖို့ လုပ်ငန်းရှင်တွေကို တောင်းဆိုတာတွေရှိခဲ့ပေမဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရွှေလုပ်ကွက်တွေ ဖြစ်တဲ့အတွက် မတားဆီးနိုင်ခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ ပိုင်ဆိုင်မှု အထောက်အထား မပြနိုင်တာကြောင့် စစ်တပ်ဆီက လုပ်ပိုင်ခွင့်လက်မှတ်ရလို့ ရွှေတူးဖော်နေသူတွေကို ဘယ်လိုနည်းနဲ့မှ မတားဆီးနိုင်ဘူးလို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လုပ်ငန်းရှင်တွေနဲ့ စစ်တပ်ပေါင်းပြီး တူးဖော်ကြတဲ့ ရွှေလုပ်ကွက်ပေါင်း ၁၀ ဆိုင်းကျော် ဝင်ရောက်လာတဲ့ ၂၀၂၁ ခုနှစ်က စပြီး ဒေသခံတွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေက လုပ်ငန်းရှင်သူဌေးတွေကို သူတို့ပေးတဲ့ဈေးနဲ့သာ ရောင်းချပေးလိုက်ရတယ်လို့လည်း မချမ်းဘော့ဒေသခံတွေဆီက သိရပါတယ်။

ထီခချောင်းအထက်ပိုင်းဘက်တွေကိုလည်း ဆက်လက်တူးဖော်လိုက်မယ်ဆိုရင် ကျေးရွာပေါင်း ၃၀ မှာနေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေကို အများကြီးထိခိုက်လာနိုင်တဲ့အပြင် ထီခချောင်းလည်း လုံးဝပျက်စီးသွားမှာ ဖြစ်တဲ့အတွက် မတူးဖော်စေလိုဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

 

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here