နမ်ထီချောင်း(ထီခ) မှာ ရွှေတူးဖော်မှုတွေ ပြန်လည်လုပ်ဆောင်လာ

259
ဓါတ်ပုံ- လွန်ခဲ့သည့် ငါးလခန့်က ထီခချောင်းမှာ ‌ရွှေတူးဖော်နေစဉ်။

 

ဒီဇင်ဘာ ၂၂

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းက နမ်ထီချောင်း(ထီခ)အထက်ဘက်မှာ ရွှေတူးဖော်မှုတွေ ပြန်လည်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ရွှေတူးဖော်မှုတွေ နားထားတာ ၅ လလောက် ရှိလာပြီဖြစ်ပြီး စစ်ကောင်စီကနေ က အဲဒီဘက် ရွှေမတူးဖို့ တားမြစ်ထားတယ်လို့ကြားသိရပေမဲ့ ကုမ္ပဏီ ၁၀ ခုထဲက ၄ ခုလောက် တူးဖော်နေကြတယ်လို့ ကြားသိရကြောင်း ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ပြောတာက စစ်တပ်ကလည်း ပိတ်တော့ ပိတ်ထားတယ်လို့ ပြောတော့ ပြောသံကြားတယ်။ ဒါပေမဲ့ ကုမ္ပဏီကတော့ ၁၀ ခုလောက်ရှိမယ်။ ဒါပေမဲ့ တချို့က ပိတ်ထားတယ်။ အခုဒေသခံတွေက တစ်ပတ်တစ်ကြိမ်သွားကြတာ တစ်ပတ်မှာ အနည်းဆုံး ၁၀ သိန်း၊ ၁၅ သိန်းလောက်ရပြီး ပြန်လာကြတယ်။“လို့ဆိုပါတယ်။

အဲဒီဒေသဘက်ဟာ တခြားနေရာတွေထက် ရွှေလည်းပိုထွက်တဲ့အတွက် ကုမ္ပဏီတွေတူးပြီးသား မြေစာတွေမှာ ဒေသခံတွေကနေ မိသားစုစားဝတ်နေရေးအတွက် သွားရောက်တူးဖော်ကြတယ်လို့လည်း ဆက်လက်ပြောပါတယ်။

“အခု ဒီအချိန်က ငွေရှာမယ့် ဖြတ်လမ်းက ကျောက်ဂျပိုးနဲ့ ရွှေပဲဆိုတော့ ဒေသခံတွေလည်း အများကြီးတူးကြတယ်လို့ ပြောတယ်။ တချို့က မြစ်ကြီးနားကနေ တက်လာပြီး တူးကြတယ်လို့ပြောတယ်။“လို့ ဆိုပါတယ်။

ကုမ္ပဏီတွေအနေနဲ့ နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားမှာတစ်ချိန် ဒေသခံတွေကို ရွှေကျင်(ထူးလောင်း) ခွင့်ပေးထားပြီး ည ၉ နာရီနောက်ပိုင်း ကုမ္ပဏီလုပ်ငန်းနားတဲ့ အချိန်ကစပြီး မိုးလင်းတဲ့အထိ နောက်တစ်ကြိမ် ရွှေကျင်ခွင့်ပေးထားကြတာလို့လည်း ဆိုပါတယ်။

အဲဒီဘက်မှာလွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ရွှေတူးဖော်မှုကို နားထားလိုက်ကြပြီဖြစ်ပေမဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာပဲ ပြန်လည်စတင်တူးဖော်နေခဲ့ကြတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း အတည်ပြုပြောကြားပါတယ်။

အရင်က နမ်ထီချောင်း(ထီခ) ဟာ ငါးတွေအရမ်းပေါပြီး ချောင်းရေလည်း ကြည်လင်တဲ့အတွက် ချောင်းကို အမှီပြုနေထိုင်တဲ့ ကျေးရွာတွေဟာ အဲဒီရေကိုပဲ သုံးစွဲခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့

ရွှေအလွန်အကျွံ တူးဖော်နေကြတဲ့အတွက် လုံးဝသုံးစွဲလို့မရတော့ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် စက်ကြီးတွေနဲ့ မြေသားတွေကို ထိုးဆွလိုက်ကြတာဖြစ်လို့ မြေသားတွေ ခိုင်ခံမှုမရှိတော့တဲ့အတွက် ကမ်းပါးတွေပြိုကျတဲ့အပြင် တောင်တွေလည်း ပြိုကျတာကြောင့် ချောင်းရေပြင်တွေကလည်း အရင်ကထက်ပိုပြီး ကျယ်ပြန့်လာနေပြီလို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

နမ်ထီချောင်းဘက်အပြင် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းက ဖုန်ကျန်း၊ မလီခ စတဲ့နေရာဘက်မှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့ ပူတာအိုဒေသခံတွေဆီက ကြားသိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here