စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးဦးတည်ချက်ကိုလက်ခံရင် တည်ငြိမ်တဲ့ အာဏာလွှဲပြောင်းမှုကိစ္စရပ်််တွေ ဆွေးနွေးမယ်

253

 

ဇန်နဝါရီ၊ ၃၁

စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို လက်ခံရင် စစ်အာဏာသိမ်းအဆုံးသတ်မှုနဲ့ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းတဲ့ကိစ္စကို ဆွေးနွေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေးအဖွဲ့တွေက ဘုံသဘောထားရပ်တည်ချက်ကို ဒီနေ့မနက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ အဲဒီကြေညာချက်မှာတော့ ဘယ်တော်လှန်ရေးအဖွဲ့တွေ ပါဝင်လည်းဆိုတာကို မဖော်ပြထားပေမဲ့ ဆက်သွယ်ရမယ့်နေရာတွေမှာတော့ ချင်းအဖွဲ့ (CNF)၊ ကရင်နီအဖွဲ့ (KNPP)၊ ကရင်အဖွဲ့ (KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်တွေကို ဖော်ပြထားပါတယ်။

တော်လှန်ရေးအဖွဲ့တွေပြောတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်ကတော့ (၁) မြန်မာစစ်တပ် နိုင်ငံရေးမှာပါနေတာကို အဆုံးသတ်ဖို့ (၂) လက်နက်ကိုင်တပ်အားလုံး အရပ်သားအစိုးရလက်အောက်မှာထားဖို့၊ (၃) ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့ ကြိုးပမ်းတဲ့သူ မှန်သမျှကို တိုက်ဖျက်ဖို့၊ (၄) သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ အခြေခံဥပဒေရေးဆွဲဖို့၊ (၅) ထွက်ပေါ်လာတဲ့ အခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ထောင်ဖို့နဲ့ (၆) မတရားကျူးလွန်ခံရသူတွေအတွက် အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုဖော်ဆောင်ပေးဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

အဲဒီအတွက်လည်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြထားပြီး အချက် (၁၀) ချက် ပါဝင်ပါတယ်။

အဲဒီ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဘယ်အဆင့်ကိုရောက်နေပြီလည်းဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်ချက်မှာတော့ နိုင်ငံရေးရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်တွေ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် မဟာဗျူဟာအရ အရေးကြီးတဲ့ကိစ္စတွေမှာ ပူးပေါင်းညှိနှိုင်းရေး ယန္တရားတွေ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သက်ဆိုင်တဲ့ တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့လည်း ဆက်လက်ပူးပေါင်းညှိနှိုင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here