ဗန်းမော်မြို့နယ်အတွင်းက ရွှေတူးစက်လှေများအား စစ်ကောင်စီမှ ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေ

537
ဗန်းမော်မြို့နယ်က ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေကြတဲ့ ရွှေတူးစက်လှေ

အောက်တိုဘာ၊၂၀

ဗန်းမော်မြို့နယ်က ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေကြတဲ့ ရွှေတူးစက်လှေအားလုံး ပြီးခဲ့တဲ့ (၃) ရက်လောက်ကစပြီး ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

မြတောင်၊ ဘူးတောင်း နဲ့ ဝက်သိုးကျေးရွာကြားက ဧရာဝတီမြစ်လယ်ခေါင်မှာ စက်လှေပေါ် ရွှေမျောဖောင်တွေတင်ပြီး ရွှေတူးဖော်နေကြတဲ့ စက်လှေအားလုံးကို စစ်ကောင်စီက ဖမ်းဆီးပြီး ငွေကြေး တောင်းခံတာတွေ ပြုလုပ်တာကြောင့် စက်လှေတွေအားလုံး အဲဒီနေရာကနေ ထွက်ပြေး တိမ်းရှောင်သွားကြတာပါ။

အဲဒီ ရွှေတူးစက်လှေတွေကို မြလယ်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ မံစီ (၆၀၁) တပ်က တပ်ဖွဲ့ဝင်တွေကနေ ဖမ်းဆီးငွေကြေးတောင်းခံနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ဝင်ခဲ့တာနဲ့ ထွက်ပြေးကြတယ်။ အခုစစ်ကြောင်း ရောက်ခဲ့လို့ အဲဒီ မံစီတပ်ကလို့ ပြောတာပဲ။ အဲဒါ စက်လှေတွေကို ပိုက်ဆံလိုက်တောင်းတာ ။ ဖမ်းတဲ့ဟာတွေလည်း ဖမ်းထားပြီးတော့ ပိုက်ဆံ နဲ့ပြန်လွတ်ပေး အဲဒီလိုမျိုး လုပ်နေကြတယ်။ ရှောင်တိမ်းနေတဲ့နေရာမှာ ဘယ်သူမှတော့ လာမတူးကြသေးဘူး။”လို့ ဒေသခံက ဆိုပါတယ်။

မန္တလေးကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော (၆) စီး အရင်တပတ်က ဗန်းမော်ဘက်ကို ဆန်တက်လာတာ ဖြစ်လို့ စစ်ကောင်စီဘက်က ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို ခေတ္တရပ်နားခိုင်းထားပြီးနောက် အခုလို ဖမ်းဆီးငွေကြေးတောင်းခံတာတွေပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေတူးစက်လှေ အမျိုးအစားအလိုက် ကျပ်သိန်း (၂၀) ကနေ သိန်း (၆၀) အထိ စစ်ကောင်စီဘက်ကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာဖြစ်လို့ လက်ရှိအချိန်မှာ ခေတ္တတိမ်းရှောင်တဲ့ သဘောမျိုးသာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အခြေနေကောင်းမှ ပြန်လုပ်မယ့် သဘောရှိတယ်။ သူတို့ အခွန်တွေ ပေးထားတယ်လို့ ပြောတာပဲ။ အခုအခြေနေတွေ ပြီးသွားရင်ပေါ့။ သင်္ဘောတွေ တက်ပြီးသွားရင်ပေါ့။တကယ်တော့ နားလည်မှုနဲ့လုပ်စားနေကြတာပါဗျာ အားလုံးက” လို့ဆိုပါတယ်။

အဲဒီစက်လှေတွေဟာ စက်တင်ဘာလအစောပိုင်းကနေ စတင်လာရောက်တူးဖော် နေကြတာဖြစ်ပြီး စတူးချိန်က အစီး ဆယ်ဂဏန်းဝန်းကျင်လောက်သာ ရှိခဲ့ရာကနေ လပိုင်းအတွင်း ငါးရာနီးပါးအထိ ရှိလာတာလည်းဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့နောက် လအနည်းငယ်အကြာကနေ ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေတူးဖော်သူတွေ များပြားလာတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း ရွှေကူမြို့ကနေ မြစ်ကြီးနားမြို့အထက်ပိုင်းနဲ့ မြစ်ဆုံအထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ စက်လှေကြီးငယ်နဲ့ ရွှေကျင်တာ ၊ ကမ်းပါးမျှောတိုက်တာတွေ စတဲ့ပုံစံမျိုးစုံနဲ့ ရွှေတူးဖော်မှုတွေ ပြုလုပ်နေကြဆဲဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here