လီဒိုလမ်းတစ်လျောက် ကျေးရွာများတွင် မူးယစ်ဆေဝါးသုံးစွဲမှု နောက်ဆက်တွဲအဖြစ် ခိုးမှုများ များပြားလာပြီး သံတိုသံစပါမကျန် ခိုးယူနေဟုဆို

0
20
ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်း လီဒိုလမ်းမတစ်လျှောက်က ကျေးရွာတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ အရင်ကထက် ပိုများလာ

အောက်တိုဘာ၊၂၀

ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်း လီဒိုလမ်းမတစ်လျှောက်က ကျေးရွာတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ အရင်ကထက် ပိုများလာနေပြီး နေ့စဉ်နဲ့အမျှ ခိုးယူတာတွေ ရှိလာတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

အဲဒီ ကျေးရွာတွေထဲကမှ နောင်းမီကျေးရွာမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေဟာ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေပြီး ရွာအတွင်းက နေအိမ်ခြံဝင်းအတွင်းမှာရှိတဲ့ သံတို၊ သံစပါမကျန် ခိုးယူမှုတွေ ရှိနေတယ်လို့ နောင်းမီဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ပစ္စည်းခိုးတယ်ဆိုတာ နေ့ရော၊ ညရောပဲ။ ပစ္စည်းပျောက်တယ်ဆိုတာ အရမ်းပဲ။ သံတို သံစ၊ ဘာသံမှ မကျန်ဘူး ခိုးကြတာ။ ထင်းတောင် ခိုးကြတာ။နှစ်နှစ်လောက်ရှိပြီ ပိုပိုဆိုးလာကြတာ။ လျော့သွားတာမရှိဘူး။ ပိုပိုတိုးလာတာပဲ ရှိတယ်” လို့ ဒေသခံက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

အရင်က ရွာအတွင်း အသင်းတော်ပေါင်းစုံ စုပေါင်းပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ဆောင်တာ တွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းက စပြီး မရှိတော့ဘူးလို့ ဆိုပါတယ်။

နောင်းမီကျေးရွာအတွင်းက လူကြီး၊ လူငယ်တွေပါ မူးယစ်ဆေးဝါးတွေကို ရှူသွင်းတာနဲ့ ထိုးသွင်းတာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာနေတဲ့ အနေအထား ဖြစ်နေပြီး သုံးစွဲသူတွေဟာ တစ်ရွာလုံးရဲ့ သုံးပုံကနေ တစ်ပုံလောက်ရှိသွားပြီလို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီအထဲမှာ အသက်(၁၅)၊ (၁၆)နှစ်အရွယ်တွေပါ မူးယစ်ဆေးဝါး သုံးစွဲတဲ့အထဲ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ မူးယစ်ဆေးဝါးသုံးစွဲ သူတွေကို ခေါ်ယူပြီး ဆေးဖြတ်ပေးတာတွေ၊ ရွာအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းတွေ မရှိတော့တာကြောင့် နမ္မတီး၊ ဝိုင်းမော်မြို့ဘက်တွေကို သွားဖြတ်ရတာတွေ ရှိပေမယ့် ဆေးဖြတ်စခန်းကနေ ရွာအတွင်း ပြန်ရောက်လာသူ အများစုဟာ အရင်ကအတိုင်း ပြန်လည်သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေ ကင်းစင်သွားအောင် KIAအနေနဲ့ တင်းတင်းကြပ်ကြပ် အမြန်ဆုံး ဖြေရှင်းပေးမှုတွေ လုပ်စေချင်တယ်လို့လည်း အထက်ပါ နောင်းမီ ဒေသခံက ဆက်လက် ဆိုပါတယ်။

“လုံးဝ ရောင်းခွင့်မရအောင် ပိတ်ပင်ပေးလိုက်ရင် ရွာအတွင်း တော်တော်ရှင်းသွားမယ်လို့ မြင်တယ်။ ဒါမှ မဟုတ်ရင်တော့ ဒီမှာ ရှိတဲ့သူတွေ ကုန်ဆုံးသွားမယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် မူးယစ်ဆေးဝါး နှိမ်နင်းဆောင်ရွက်တဲ့အပိုင်းတွေ လုပ်ဆောင်ဖို့ ခက်ခဲသွားတာတွေကြောင့် ရွာအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူတွေ တိုးသထက်တိုးလာတဲ့အပြင် ရောင်းဝယ်သူတွေပါ ပေါ်တင် ရောင်းဝယ်လာနေကြတာ ဖြစ်တယ်လို့လည်း နောက်ထပ် နောင်းမီဒေသခံတစ်ဦးက ပြောပါတယ်။

နောင်းမီကျေးရွာဟာ အိမ်ခြေ(၁၀၀၀) ဝန်းကျင်လောက် ရှိတဲ့ ကျေးရွာ တစ်ခုဖြစ်ပြီး ဒေသခံရဲ့ ပြောပြချက်အရ လီဒိုလမ်းတစ်လျှောက်က နောင်းမီကျေးရွာအပြင် ဝါရာဇွပ်ကျေးရွာအုပ်စုထဲက ဝါရာဇွပ်၊ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ၊ ဘန်ကောက်စတဲ့ ကျေးရွာတွေမှာလည်း မူးယစ်ဆေးဝါး သုံးစွဲသူတွေ များလာနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လီဒိုလမ်းတစ်လျှောက် ကျေးရွာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ များလာနေပြီး ဝါရာဇွပ်ကျေးရွာအတွင်းမှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ များလာတာကြောင့် ပစ္စည်းခိုးတာတွေ အရင်ကထက် ပိုဆိုးလာလို့ စိုးရိမ်နေရတဲ့အကြောင်း ဝါရာဇွပ်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အရင်ကထက် ကျွန်မတို့ရွာက သူခိုးက ကြောက်ရနဲ့။ ဘယ်အိမ်မှာ ဘာရှိတယ် သံတိုက အစ ခိုးကြတာ။ မူးယစ်ဆေးဝါး သုံးတဲ့သူ များလေ သူခိုးပေါလေပေါ့။ လီဒိုလမ်းတစ်လျှောက်တော့ အဲဒါတွေပဲ ဖြစ်နေပြီ။ အကုန်လုံး နီးပါးလိုပဲ။ ကျွန်မတို့ဘက်ပိုင်းမှာ မသုံးတာဆိုလို လက်ချိုးရေလို့တောင် ရတယ်” လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေများလာတာကြောင့် အချိန်မီ တိုက်ဖျက်နိုင်အောင် အမြန်ဆုံးလာရောက် ပူးပေါင်းကူညီပေးကြဖို့ လိုလားနေကြပါတယ်။
လီဒိုလမ်းပေါ်မှာ ရှိတဲ့ နောင်းမီကျေးရွာအုပ်စုမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ (၃၅၀၀)ခန့် နေထိုင်လျက်ရှိပြီး ဝါရာဇွပ်ကျေးရွာအုပ်စုမှာတော့ (၁၂၀၀၀) ခန့်နေထိုင်လျက်ရှိပါတယ်။

ဓါတ်ပုံ- ပုံဟောင်းအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here