မြစ်ကြီးနားမြို့၊ ဂျော်မဆတ် စစ်ရှောင်စခန်းတွင် လူဦးရေ (၁၀၀) ခန့် အစာအဆိပ်သင့်ပြီး လက်ရှိအချိန်ထိ ဖျားနာနေ

198
ဂျော်မဆတ် စစ်ရှောင်စခန်းတွင် လူဦးရေ (၁၀၀) ခန့် အစာအဆိပ်သင့်

အောက်တိုဘာ၊၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆယ်မိုင်ကျေးရွာက ဂျော်မဆတ်စစ်ရှောင်စခန်းမှာ ကလေးကင်ပွန်းတပ် ဆုတောင်းပွဲကနေ လူတစ်ရာကျော်လောက် အစာအဆိပ်သင့်မှု ဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ဖျားနာနေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ(၁၈)ရက်နေ့မနက်က စခန်းအတွင်း ကလေးကင်ပွန်းတပ် ဆုတောင်းပွဲတစ်ခုမှာ ချင်းနဲ့ ငါးခြောက်ထောင်း၊ ကောက်ညှင်းထုပ်နဲ့ ကော်ဖီတွေ စားသောက်ပြီးနောက် ညနေပိုင်း(၁)နာရီလောက်ကနေ လူကြီး၊ လူငယ် စုစုပေါင်း(၁၀၁)ယောက်လောက် ဝမ်းလျှောတာတွေ၊ အန်တာတွေ၊ ကိုယ်ပူတာတွေ ချက်ချင်းဆိုသလို ဖြစ်လာတယ်လို့ ဂျော်မဆတ်စစ်ရှောင်စခန်းက ဒုတိယတာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“စားတဲ့သူ အကုန်နီးပါး ဖြစ်သွားတာပေါ့။ လှုပ်လို့တောင်မရဘူး။ ဝမ်းလျှော၊ အန်တာတွေ ဖြစ်တာ။ တခြားဖြစ်တာနဲ့ မတူဘူး။ တော်တော်ဆိုးတာ။ ခုလည်း အားနည်းပြီး တုန်နေတယ်။ မဖြစ်တဲ့သူတွေက ပြန်ပြုစုပေါ့။ အထက်လန်အောက်လျှော ဖြစ်သွားတာ” လို့ သူကပြောပါတယ်။

အစာအဆိပ်သင့်တဲ့ သူတွေထဲကမှ (၆)ဦးဟာ အရေးပေါ် ဆေးရုံတက်ရတဲ့အထိ ဖြစ်ခဲ့ပြီး လက်ရှိ (၃)ဦးဟာ ဆေးရုံကနေ ဆင်းပြီလို့လည်း သိရပါတယ်။

အခုလို အစာအဆိပ်သင့်တာဟာ စျေးကနေ ဆေးဖြန်းထားတဲ့ ငါးခြောက်တွေ ဝယ်ယူမိတာကနေ ဖြစ်နိုင်တယ်လို့ စခန်းတာဝန်ခံကလည်း သူ့ရဲ့ အမြင်ကို သုံးသပ် ပြောဆိုပါတယ်။

“ထင်တာက ဆေးဖြန်းထားတာ မိတာလားပေါ့။ ဖျားတာဆိုတော့ ချက်ချင်းနလန်ထူဖို့ ခက်တယ်။ သူတို့ ဝမ်းက အရမ်းလျှောသွားတာဆိုတော့။ အားပျော့ သွားတာပေါ့။ “လို့ တာဝန်ခံက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ(၂၀)ရက်နေ့အထိ အစာအဆိပ်သင့်သူတွေဟာ အရှင်းပျောက်သွားတာမျိုး မရှိသေးဘဲ အားပျော့အားနည်းတာ၊ ဝမ်းလျှောတာ၊ ခေါင်းမူးတာတွေ ဆက်ရှိနေသေးပြီး ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)ကျန်းမာရေးအဖွဲ့ကနေ ကုသစောင့်ရှောက်မှု ပေးနေတယ်လို့လည်း သိရပါတယ်။

စခန်းအတွင်းမှာ အစာအဆိပ်သင့်သူတွေထဲက (၂)ဦးဟာ လက်ရှိ ဆေးရုံသွားရမယ့် အခြေအနေရှိ နေတယ်လို့လည်း ဒုတိယတာဝန်ခံဆီကနေ သိရပါတယ်။

ဆေးဝါးနဲ့ပတ်သက်ပြီးတော့ KBCကျန်းမာရေးအဖွဲ့ကနေ ကူညီဆောင်ရွက် ကုသပေးနေပြီး အစာအဆိပ်သင့်သူတွေအတွက် အားဖြည့်အစားအစာ ကူညီလိုသူတွေကို လက်ခံသွားမှာ ဖြစ်တယ်လို့လည်း စခန်းတာဝန်ခံက ပြောပါတယ်။

လက်ရှိ ဂျော်မဆတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ(၅၀၀)ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here