ဟူးကောင်းလီဒိုလမ်းမပေါ်က ကျေးရွာအများစုမှာ စပါးရိတ်ခြွေစက်ရောက်ရှိမှု နည်းပါးတဲ့အတွက် အချိန်မီစပါးမရိတ်သိမ်းနိုင်

226

 

ဇန်နဝါရီ၊၅

ဟူးကောင်းလီဒိုလမ်းမပေါ်က ကျေးရွာအများစုမှာ စပါးရိတ်ခြွေစက်ရောက်ရှိမှု နည်းပါးတဲ့အတွက် အချိန်မီစပါးမရိတ်သိမ်းနိုင်ဘဲ စပါးအထွက်နှုန်း ဆုံးရှုံးမယ့်အရေး ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ဒွမ်ဘန်၊ မန်ပန်၊ နောင်းမီ အစရှိတဲ့ ကျေးရွာတွေမှာ စပါးရိတ်ခြွေစက် အရောက်နည်းသွားတဲ့အတွက် စပါးပင်တွေ အချိန်လွန်ပြီး ပျက်စီးမှုတွေရှိလာတဲ့အပြင် မန်ပန်ကျေးရွာမှာ အရင်က လယ်တစ်ဧကကို တင်း ၅၀ လောက်ရရှိနေတာကနေ တင်း ၂၀၊ ၃၀လောက်သာ ရရှိတော့တဲ့ အခြေအနေတွေလည်း ရှိနေတယ် လို့ တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်းမီကျေးရွာမှာ အရင်နှစ်တွေက စပါးရိတ်ခြွေစက် ၂၀ ခုလောက် ရောက်ရှိပေမဲ့ လက်ရှိအချိန်မှာ ၁၀ ခုလောက်သာ ဝင်တော့တာကြောင့် စပါးစိုက်ပျိုးတဲ့ လယ်ဧက တစ်သောင်းကျော်လောက်ရှိတဲ့အထဲ ဧကတစ်ထောင်ကျော်လောက် စပါးရိတ်သိမ်းဖို့ ကျန်နေသေးတယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် လူအင်အားဖြည့်တင်းပြီး လုပ်ဆောင်နေပေမဲ့ လယ်ဧက များလွန်းတဲ့အတွက် အဆင်မပြေဖြစ်နေရတယ်လို့ နောင်းမီဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အများပိုင်းတော့ ခရစ္စမတ်တောင် မရောက်ခင် ပြီးတာ။ ခုက စပါးတွေလည်း အကုန်ခြောက်ပြီး ကြွေကျကုန်တာ။ စပါးအရမ်းရှုံးသွားပြီ။ ရိတ်ချိန်ကျော်သွားတော့ မြေပေါ်မှာ စပါးစေ့တွေဆို ဖြူလို့“လို့ ဒေသခံက ဆိုပါတယ်။

အဲဒီကျေးရွာတွေဘက်မှာ ပုံမှန် နိုဝင်ဘာလဆန်းကနေ ဒီဇင်ဘာလလယ်အထိ စပါးရိတ်သိမ်းကြပေမဲ့ ရိတ်ခြွေစက်မလုံလောက်တဲ့ ပြဿနာကြောင့် အချိန်မီ မပြီးစီးနိုင်ကြတာလို့ ဆိုပါတယ်။

အင်းတော်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းမြို့တွေက တက်လာတဲ့ စပါးရိတ်ခြွေစက်တွေဟာ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေတွေကြောင့် အဲဒီကျေးရွာတွေဘက် မလာရဲကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထက်ပါကျေးရွာတွေကို အရောက်သွားဖို့ လမ်းခရီးတစ်လျှောက် စစ်ကောင်စီဂိတ် ၄ ခုလောက်မှာ ဂိတ်ကြေး ၇ သိန်းထက်မနည်း ပေးဆောင်ရတာကြောင့် ဒွမ်ဘန်ကျေးရွာဘက် ၅ စီးလောက်သာ ရောက်ရှိတော့တယ်လို့လည်း ဒွမ်ဘန်ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ရိတ်ခြွေစက်နဲ့ရိတ်ရင် တစ်ဧကကို အရင်က ၈ သောင်း ကျသင့်ရာကနေ လက်ရှိအချိန်မှာတော့ အပြီးအစီး တစ်သိန်းသုံးသောင်းကနေ တစ်သိန်းငါးသောင်းအထိ ဈေးမြင့်တက်သွားတယ်လို့လည်း သိရပါတယ်။

မန်ပန်ကျေးရွာဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း လက်ရှိအချိန်မှာ ကျွဲ၊ နွားတွေ လွှတ်ကျောင်းတဲ့အချိန်ကာလ ဖြစ်တဲ့အလျောက် ကျွဲ၊ နွား အန္တရာယ်အပြင် အခုလို စပါးရိတ်ခြွေစက်မရရှိမှု ပြဿနာတွေကြောင့်ပါ စပါးပင်တွေ ပျက်စီးမှု ပိုများလာနေတယ်လို့ သိရပါတယ်။

“ဒီနှစ်က စပါးတွေလည်း အရမ်းကောင်းတယ်။ ဒါပေမဲ့ ရိတ်ရမယ့်အချိန်မှာ မရိတ်လိုက်နိုင်တော့ တင်း၂၀၊ ၂၅၊ ၃၀ပဲ ရတော့တယ်။ ရိတ်နေဆဲပဲ ဒီနေ့ရော။ မရိတ်သေးတဲ့ သူတွေလည်း အများကြီး ရှိသေးတယ်”လို့ မန်ပန်ဒေသခံက ဆိုပါတယ်။

ဒီဇင်ဘာလ လလယ်လောက်မှာ ပုံမှန်စပါးရိတ်သိမ်းပြီးစီးပေမဲ့ လက်ရှိအခြေအနေမှာတော့ ဇန်နဝါရီလ ၁၀ ရက်ကျော်အထိ ရိတ်သိမ်းရတော့မယ်လို့လည်း တောင်သူတွေ ခန့်မှန်းပြောဆိုနေကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here