နိုဝင်ဘာ၊ ၁၂
တိုက်ပွဲတွေ ဖြစ်ပွားပြီး လမ်းပိတ်ဆို့တာတွေကြောင့် မြစ်ကြီးနားမြို့က စက်သုံးဆီအရောင်းဆိုင်ကြီးတွေ အများစုပိတ်ပင်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မနေ့ကတည်းကနေ မြစ်ကြီးနားမြို့မှာ စက်သုံးဆီအကန့်အသတ်နဲ့သာ ဝယ်ယူရရှိနိုင်တော့တာဖြစ်ပြီး ဒီကနေ့မှာတော့ စက်သုံးဆီဆိုင်တွေ အများစုပိတ်ပင်ထားတာလို့ မြစ်ကြီးနားမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မနေ့ကနေ ဆီက အကန့်အသတ်ပဲရတာ။ ဒီနေ့တော့ ဆိုင်အားလုံးပိတ်သွားပြီ။
မပိတ်တဲ့ဆိုင်တွေမှာလည်း ဓာတ်ဆီမရှိတော့ဘူးလို့ပဲ ပြောတယ်။” လို့ ဆိုပါတယ်။
ဒီအပတ်အတွင်း ကျပ် ၂၄၅၀ ဝန်းကျင်သာရှိတဲ့ ဓာတ်ဆီ တစ်လီတာဈေးနှုန်းကလည်း ကျပ် ၃၀၀၀ နီးပါးအထိ မြင့်တက်သွားပြီး ဓာတ်ဆီရရှိဖို့ ခက်ခဲသလို တချို့ဖွင့်ထားတဲ့ဆိုင်မှာ ကားတွေကို စက်သုံးဆီရောင်းချပေးတာရှိပေမဲ့ ဆိုင်ကယ်တွေတော့ ထည့်လို့ မရဘူးလို့ ဆိုပါတယ်။
“ဓာတ်ဆီက 92 တစ်လီတာ ၂၉၀၀ ဖြစ်သွားပြီ။မနေ့ကတောင် ပုံမှန်ရောင်းသေးတာ။တချို့ကဖွင့်ထားပြီး လက်ခါပြတာ။ ဆိုင်ဖွင့်ထားလည်း မရောင်းပေးဘူး။”လို့ ဒေသခံက ဆိုပါတယ်။
ကသာနဲ့ ထီးချိုင့်မြို့နယ်က လမ်းပိုင်းဘက်တွေမှာ တိုက်ပွဲဖြစ်ပွားပြီး လမ်းပိတ်ဆို့တာတွေကြောင့် စက်သုံးဆီကားတွေ မဝင်တဲ့အတွက် ပြတ်လပ်နေတာဖြစ်တယ်လို့ သိရကြောင်း ဆိုပါတယ်။
ဒါ့အပြင် တနိုင်းမြို့တွင်းက စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း မနေ့ကစပြီး စက်သုံးဆီတွေကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ကားတစ်စီးကို သုံးသောင်းဖိုးနဲ့ ဆိုင်ကယ်တွေကိုဆိုရင်လည်း အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေသလို ဂါလံလိုက် မရောင်းပေးတော့ဘူးလို့ တနိုင်းမြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အလားတူပဲ ရန်ကုန်လိုမြို့ပြကြီးက စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ဓာတ်ဆီခွဲတမ်းမရရှိရတာကြောင့် ဆိုင်အများစုမှာ ဓာတ်ဆီပြတ်လပ်နေပြီးတော့ စက်သုံးဆီရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။







