ဖေဖော်ဝါရီ၊ ၂
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစလို့ တကျော့ပြန်စစ်ပွဲတွေဖြစ်လာပြီးတဲ့နောက် စစ်ကောင်စီကြောင့်သေဆုံးတဲ့ ပြည်သူဟာ အခုနှစ် ဇန်နဝါရီလကုန်ထိ အနည်းဆုံး အယောက် ၁၁၀ ကျော် ရှိလာပါပြီ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးရဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၈ မြို့နယ်မှာ သေဆုံးသူပေါင်း ၈၁ ယောက်ထိ ရှိခဲ့တာပါ။ ULA ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပါတယ်။
ဒါ့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဇန်နဝါရီလ ၁၄ ရက်ကနေ လကုန်ပိုင်းထိ ထုတ်ပြန်ချက်တွေအရလည်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကြောင့် သေဆုံးသူဟာ အယောက် ၃၀ ကျော် ရှိနေပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှစစ်ပွဲတွေပြန်စတဲ့အချိန်ကနေ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သေဆုံးသူ ၁၁၀ ကျော်ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ အယောက် ၃၀ ကျော်က အမျိုးသမီးတွေပါ။
သေဆုံးသူတွေထဲ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူတွေအပြင် ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံလိုက်ရတဲ့သူတွေလည်း ပါဝင်နေတယ်လို့ ULA/AA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက်နေ့ကနေစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာလည်း အယောက် ၃၀၀ ဝန်းကျင်ရှိနေပြီး ဖမ်းဆီးခံရသူတွေဟာလည်း အယောက် ၂၈၀ ကျော်ရှိနေတယ်လို့ ULA/ AA ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အခုအချိန်မှာတော့ AA ဟာ ပေါက်တောမြို့ကို သိမ်းပိုက်ထားပြီး ကျန်တဲ့ မြို့တွေက စစ်ကောင်စီရဲ့စခန်းလက်ကျန်တွေကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







