နိုဝင်ဘာ၊ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အပေါက်ဝနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်အားလုံး ရက္ခိုင့်တပ်တော်(AA) ဆီကို လက်နက်ချလိုက်တယ်လို့ AA နဲ့နီးစပ်သူတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒီနေ့ မနက် ၁၁ နာရီလောက်မှာ AA တပ်ဖွဲ့တွေက စတင်ပိတ်ဆို့ပြီးတဲ့နောက် စခန်းမှာရှိတဲ့ ရဲတွေအားလုံး လက်နက်ချလိုက်တာလို့ ဆိုပါတယ်။
“စခန်းရှိအကုန်လိုပြောတယ်။ စခန်းမှူးပါအပါလို့ပြောတယ်” လို့ AA နဲ့ နီးစပ်သူက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒီနေ့မနက် ၅ နာရီမှာလည်း ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုမြစ်ကမ်းက ဒုံးပိုက်နဲ့ ချိန်ခါလီနယ်ခြားစောင့်စခန်းကို AA ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တယ်လီဂရမ်က ရခိုင်သတင်းကွန်ရက်မှာ အသိပေးထားပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ်၊ ဖားပြိုရွာနားမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ စစ်ကား ၂ စီးကို AA ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားတစ်စီးမီးလောင်သွားတယ်လို့လည်း ရခိုင်သတင်းကွန်ယက်မှာ ရေးသားထားပါသေးတယ်။
အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ မြစ်ကြီးနားသတင်းဂျာနယ်က AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ဒါပေမဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ နိရဥ္ဇရာမှာတော့ ဦးခိုင်သုခက စခန်းတချို့ကိုသိမ်းပိုက်ထားနိုင်ပြီး၊ အရာရှိတချို့ကိုဖမ်းဆီးရမိထားတယ်ဆိုပြီး ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ရခိုင်ဒေသဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အစဖြစ်နေပြီလို့ သတိပေးခဲ့ပါသေးတယ်။
AA ဟာ အခုအချိန်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာလည်း KIA၊ PDF တို့ နဲ့အတူ ပါဝင်တိုက်ခိုက်နေပါတယ်။
အခုအချိန်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရဲ့နေရာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရပြီး စစ်တပ်ခေါင်းဆောင်ပိုင်းတွေကိုလည်း တပ်ထောက်ခံသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။







