ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အချို့က ရပ်ကွက်တွေမှာ စစ်မှုထမ်းဆင့်ခေါ်စာတွေ ရောက်ရှိနေ

318

 

မတ်၊ ၁၉

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်တဲ့အနေနဲ့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ မတ်လလယ်လောက်ကတည်းက ရပ်ကွက်အလိုက် ဆင့်ခေါ်စာတွေ ပို့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက ခရိုင်မြို့တွေဖြစ်တဲ့ မြစ်ကြီးနား၊ မိုးညှင်း၊ဗန်းမော်နဲ့ ပူတာအိုမြို့ပေါ်က ရပ်ကွက်တွေမှာ ဆင့်ခေါ်စာတွေ ရောက်ရှိနေတာ ဖြစ်ပြီး အခြားမြို့အချို့မှာလည်း ရောက်ရှိတာတွေ ရှိတယ်လို့ ကြားသိရပါတယ်။

ဗန်းမော်မြို့မှာတော့ ပထမအသုတ်အနေနဲ့ လူမျိုးဘာသာမရွေး၊ အသက် ၃၀ ကနေ ၃၅ နှစ်အတွင်းရှိ အမျိုးသားတွေကို ရပ်ကွက်ရုံးကို စာနဲ့ဆင့်ခေါ်ကာ လက်မှတ်ထိုးပြီး မဲနှိုက်ခိုင်းတယ်လို့ ဗန်းမော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ရပ်ကွက်လူကြီးတွေနဲ့ ပေါင်းပြီး သူတို့(စစ်ကောင်စီ)က အသက် ၃၀ နဲ့ ၃၅ ကြားရှိသူတွေကို ခေါ်ယူပြီး လက်မှတ်ထိုးခိုင်းကြတယ်။ တစ်ရပ်ကွက်ကို အယောက် ၂၀ လို့ပြောတယ်။ ဒါပေမယ့်တချို့ရပ်ကွက်တွေက ယောက်လောက်ပဲ မဲသွားနှိုက်ကြတယ်တဲ့။လို့ ဆိုပါတယ်။

မဲနှိုက်ရွေးချယ်တဲ့အချိန် မဲပေါက်မှ စစ်မှုထမ်းရမှာဖြစ်ပြီး မဲပေါက်သူတွေကို ချက်ချင်းဖမ်းခေါ်သွားတာမျိုးတော့ မဟုတ်ဘဲ စစ်မှုထမ်းရမယ့်ရက်ကို သတ်မှတ်ပေးလိုက်တာမျိုး ဖြစ်တယ်လို့လည်း နောက်ထပ်ဗန်းမော်မြို့ခံ တစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့က နန်းကွေ့နဲ့ မြို့သစ်ကြီးရပ်ကွက်တွေမှာလည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်စာတွေ ရောက်နေပြီး မြို့နေပြည်သူတွေ စိုးရိမ်နေရပါတယ်။

ရပ်ကွက်တစ်ခုကို အယောက် ၂၀ လို့တော့ ပြောနေတာပဲ။ အိမ်နီးနားချင်းက အိမ်တွေမှာ စာရောက်တယ် လို့ နန်းကွေ့ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

မိုးကောင်းမြို့က လူငယ်အများပိုင်းကတော့ စစ်မှုထမ်းဖို့ အလိုမရှိကြတဲ့အတွက် တခြားကို ရှောင်သွားမယ်ဆိုရင်လည်း မိသားစုတွေအတွက် စိုးရိမ်နေကြရတယ်လို့ မိုးကောင်းမြို့ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

လူငယ်တွေရဲ့ သဘောဆန္ဒကတော့ တပ်မှာတာဝန်ထမ်းဆောင်ဖို့ ကိစ္စတော့ ဘယ်လိုမှ ဆန္ဒမရှိကြဘူး။ အဲဒါကြောင့်မို့ တခြားတစ်နေရာ ရှောင်သွားတာတွေရှိတာပေါ့။ရှောင်သွားလို့ရှိရင် ကျန်ခဲ့တဲ့ မိသားစုကို ဘယ်လိုအရေးယူ ဘာညာတော့မသိသေးဘူး။ လောလောဆယ်တော့ အဲလိုလုပ်တာကိုင်တာတော့ မရှိသေးဘူး။ မိုးကောင်းမြို့ပေါ်မှာတော့ မရှိသေးဘူး။“လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မိုးကောင်းမြို့နယ် အတွင်းမှာရှိတဲ့ ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဒေသခံပြည်သူတွေကို အစည်းအဝေးခေါ်ပြီး ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်တာတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ ဘယ်သူ့ဆိုပြီး တာဝန်ပေးတာတွေကိုတော့ မပြောသေးပေမဲ့ ဆားမှော်ဒေသခံ ၄ ဦးကတော့ သူတို့ဆန္ဒအရ တပ်ထဲဝင်သွားတာမျိုး ရှိတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

မြစ်ကြီးနားမြို့မှာတော့ စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းရန်ဆင့်ခေါ်ခြင်းဆိုတဲ့ စာကို မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ မြစ်ကြီးနား ဥက္ကဌရဲ့ ညွှန်ကြားချက်နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုက ပေးပို့တဲ့စာရင်းအရဆိုပြီး ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

မှတ်ပုံတင်စာရင်းသွင်းဖို့ သတင်းပို့လာရောက်ခဲ့တဲ့အခါ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်ကိုလည်း မပျက်မကွက် ယူဆောင်လာရမယ်လို့လည်း ရေးသားထားတာ တွေ့ရပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ စာထဲမှာ ပါတဲ့အချက်အရ သတင်းပို့ဖို့ ပျက်ကွယ်မယ်ဆိုရင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေးယူခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အခုလို စစ်မှုထမ်းဖို့ စာရင်းသွင်း ဆင့်ခေါ်တာတွေကို တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေမှာပါ စစ်ကောင်စီက လုပ်ဆောင်နေတာဖြစ်ပါတယ်။

နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ အကျုံးဝင်တယ်ဆိုပြီး ဒီစစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်လာတာဖြစ်ပြီးတော့ အဲဒီနောက် ပြည်ပထွက်တဲ့ လူငယ်တွေ များနေသလို ပြည်တွင်းမှာရှိတဲ့ လူငယ်တွေနဲ မိဘတွေလည်း စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here