အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ကနေ တိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေ ဆေးဝါးအကူညီ လိုအပ်

116

 

အောက်တိုဘာ၊၁၀

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ကနေ ညောင်ပင်ကျေးရွာဘက် တိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေ ဆေးဝါးအကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။

တိမ်းရှောင်နေတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ လသားကလေးငယ်တွေ ပါရှိသလို နာတာရှည်ဆေးဝါး သောက်သုံးနေရသူတွေလည်း ရှိတာကြောင့် ဆေးဝါးတွေကို မြစ်ကြီးနားမြို့ဘက်ကနေ ခက်ခက်ခဲခဲနဲ့ မှာယူသောက်သုံးနေရတယ်လို့ ဆိုပါတယ်။

တိမ်းရှောင်လာစဉ်က ယူဆောင်လာတဲ့ ဆေးဝါးတွေပြတ်လပ်သွားတဲ့နောက် ဒေသတွင်းဆေးဆိုင်နဲ့ တခြားမြို့နယ်ဘက်က ဈေးကြီးပေးဝယ်နေရတာကြောင့် ခက်ခဲမှုတွေရှိနေတယ်လို့ တိမ်းရှောင်နေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဆေးဝါးတွေက အသေအချာမရဘူး။ ဈေးကြီးကြီးနဲ့ မှာယူနေရတာ။ ကျွန်တော်တို့ အစကဝယ်စုထားတဲ့ ဆေးတွေ၊အားဆေးတွေနဲ့ တခြားထိုးဆေးတွေက ကုန်တဲ့ဘက်ရောက်နေတော့ လိုအပ်ရင် ဆေးဆိုင်မှာသွားဝယ်ရတယ် အဲဒါဆေးဆိုင်တွေမှာလည်း တချို့ဆေးတွေက ပြတ်တာတွေ ရှိနေတယ်။ လို့ဆိုပါတယ်။

ဒီနောက်ပိုင်း‌ ဒေသတွင်းအခြေအနေကြောင့် အကူအညီတွေရရှိဖို့ခက်ခဲတာတွေအပြင် စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုတွေပါ ရှိနေတာလို့ ပြောပါတယ်။

လတ်တလော အင်းတော်ကြီးဒေသထဲက ရှမ်းနီပြည်သူ့စစ်ဂိတ်တွေနဲ့ စစ်ကောင်စီ ဂိတ်တွေမှာဆိုရင်လည်း အစစ်အဆေးများတာအပြင် ဆေးဝါးတွေကို သယ်ယူခွင့်တင်းကြပ်တာနဲ့ တခြား ကုန်ပစ္စည်းတွေကိုလည်း တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

လက်ရှိမှာတော့ ညောင်ပင်ကျေးရွာနဲ့ နတ်မောက်ကန်ဘက်မှာ တိမ်းရှောင်နေတဲ့ အိမ်ထောင်စု ၂၁၃ စုရှိပြီး လူဦးရေ ၈၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နီးစပ်ရာပတ်ဝန်းကျင်မှာ တိမ်းရှောင်နေတဲ့ ဒေသခံထောင်ဂဏန်းလောက်လည်း ရှိတယ်လို့ သိရပါတယ်။

ဒီဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းက နန့်မွန်းမှာ စစ်ရေးအခြေအနေတင်းမာ လာတာကြောင့် နီးစပ်ရာဘက်ကို တိမ်းရှောင်သွားကြတာ သုံးလကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ရှောင်တိမ်းနေရဆဲဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here