တာမခန်ကျေးရွာက စစ်ကောင်စီ ခမရ ၁၁၉ တပ်သားတွေ စခန်းဆုတ်ခွာထွက်ပြေး

300

 

မတ်၊၅

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခမရ ၁၁၉ တပ်က စစ်ကောင်စီတပ်သားတွေ ဒီကနေ့ညနေ ၆ နာရီလောက်က စခန်းကနေ ဆုတ်ခွာ ထွက်ပြေးသွားကြပြီလို့ သိရပါတယ်။

အဲဒီစခန်းဘက်ကို လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း ပျံဝဲခဲ့ပြီး စခန်းထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်သွာတာ ဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အကုန် ထွက်သွားပြီးတဲ့။ အဲဒီမှာ ကျွန်တော်တို့ဘက်ကလူတွေ လိုက်ပစ်နေတယ်တဲ့။ သူတို့ဘာသူတို့ ထွက်ပြေးနေပြီပေါ့။ အဲဒီစစ်ကောင်စီတပ်တွေ အကုန်ထွက်သွားပြီးဆိုတော့ သိမ်းနိုင်ပြီလို့ပြောလို့ရတယ်။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

တာမခန်စစ်ကောင်စီတပ် ခမရ ၁၁၉ မှာ စစ်ကောင်စီအင်အား ၅၀ ခန့်ရှိတာဖြစ်ပြီး တပ်ရင်းမှူးထိုင်တဲ့စခန်းလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်တိန်းစခန်းနဲ့ ဝှေခါဘက်က လမ်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေ သိမ်းနိုင်ခဲ့ပြီး တာမခန်လမ်းပဲ ကျန်နေတဲ့အတွက် စစ်ကောင်စီဘက်က ခုခံနေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

မနေ့က မတ်လ ၄ ရက်နေ့မှာ တာမခန်ကျေးရွာကို စစ်ကူလာပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း KIA၊KPDFပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်သား ၇၀ ကျော်(အားလုံးနီးပါး) သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

တာမခန်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ ၁၁၉ ကို ဆက်လက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here