အာဆီယံက မြန်မာလူထုအတွက် အားကိုးစရာလား

45

 

(ဆောင်းပါး)

————

မြန်မာပြည်သူတွေရဲ့အာဏာကို စစ်တပ်က သိမ်းပိုက်လိုက်တာ အခုဆို ၃ နှစ်ပြည့်ပါပြီ။ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ မြန်မာပြည်သူတွေဟာ စစ်တပ်ကို နိုင်တဲ့အားနဲ့ ခုခံတော်လှန်နေခဲ့ကြတာ ကမ္ဘာအသိပါပဲ။

တွန်းလှန်ခုခံနေချိန် တစ်လျောက်လုံးမှာလည်း ကူညီပေးနိုင်မယ့် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ပြည်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။ ဒီလိုမျှော်လင့်ခဲ့တဲ့ အထဲမှာ အာဆီယံလည်း ပါဝင်ပါတယ်။ အာဆီယံကတော့ မြန်မာလူထုအတွက် အာဏာသိမ်းခံထားရတဲ့ သုံးနှစ်အတွင်းမှာ ထုတ်ပြန်ချက်ထုတ် ရှုတ်ချရုံလောက်ပဲ လုပ်ပေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို ဖြစ်မြောက်အောင် ဖိအားပေးနိုင်တာတွေကို လုပ်ခဲ့တာမျိုးလည်း ဒီကနေ့အထိ မတွေ့ရသေးပါဘူး။ဒါက ဘာကြောင့်ပါလဲ။ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကတော့ အာဆီယံက သူတို့ချမှတ်ထားတဲ့ အခြေခံမူတွေကြောင့်ပဲ သူတို့ခြေချုပ်မိနေခဲ့တာလို့ ထောက်ပြခဲ့ကြပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံလုပ်ဆောင်ချက်တွေကို တစ်ချက်ပြန်လည် သုံးသပ်ကြည့်ရအောင်ပါ။

လူထုသည်းခြေကြိုက် ဘုံသဘောတူညီချက် ၅ ရပ်

———-

အာဏာသိမ်းပြီးတော့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ဆိုပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံကနေ ထူးထူးခြားခြား ချမှတ်နိုင်ခဲ့ပါတယ်။

အဲဒီ ၅ ချက်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

နောက်အချက်တွေကတော့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့စတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒီဘုံသဘောတူညီချက်တွေကို လိုက်နာမယ်ဆိုပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် အစည်းအဝေးမှာ တက်ပြောခဲ့တာပါ။ ဒါ့ပေမဲ့ လက်တွေ့မှာတော့ အခုအချိန်ထိ စစ်ကောင်စီကတစ်ခုမှ လိုက်နာဆောင်ရွက်တာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့တဲ့ အာဆီယံအထူး ကိုယ်စားလှယ်ကိုတောင် တွေ့ဆုံခွင့်မပေးခဲ့သလို အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ တိုက်ခိုက်မှုတွေကိုလည်း ဆက်လုပ်ခဲ့တာ ဒီကနေ့အထိပါပဲ။

သဘောတူညီချက်တွေကို မလိုက်နာလို့လည်း စစ်ကောင်စီကို အာဆီယံက ဘာမှအရေးယူဆောင်ရွက်နိုင်တာ မရှိပါဘူး။ စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေမှာ မဖိတ်ဖို့နဲ့ ကိုယ်စားပြုခွင့်မပေးဖို့လောက်သာ လုပ်နိုင်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ “အာဆီယံ ဘုံသဘောတူညီချက်ကို အကြမ်းဖက်စစ်ကောင်စီက ဘယ်လောက်များ လိုက်နာဆောင်ရွက်မှုရှိလဲ ဆိုတာ မေးစရာမလိုအောင်ကို အင်မတန်မှ ရှင်းလင်းလှပါတယ်။”လို့ ပြောပါတယ်။

ပြီးခဲတဲ့နှစ် စက်တင်ဘာလမှာလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ခြင်း၊ အကောင်အထည်ဖေါ်ခြင်းနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ရာမှလည်း ထူးမခြားနားဘဲ Accountable Mechanism (တာဝန်ယူမူတာဝန်ခံမူဆိုင်ရာ လုပ်ထုံးလုပ်နည်း) မရှိတာကို တွေ့ရတယ်လို့ ဒေါ်ဇင်မာအောင်က ထောက်ပြခဲ့ပါတယ်။

ဒီလို ဖြစ်ရတဲ့ အခြေခံအကြောင်းချင်းရာတွေထဲမှာ အာဆီယံအဖွဲ့အစည်းရဲ့ မူနှစ်ချက်ကြောင့်လည်း ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ အဖွဲ့ဝင်အားလုံး သဘောတူညီမှု (ဘုံသဘောတူညီချက်) ရရမယ်ဆိုတဲ့ အချက်နဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရဆိုတဲ့မူက မြန်မာပြည်သူတွေအတွက် တံတိုင်းဖြစ်နေခဲ့တာပါပဲ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်စိုးနိုင်က တိုင်းပြည်တစ်ပြည်ရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရဘူးဆိုတဲ့ မူရှိနေတဲ့အတွက် မတူညီတဲ့သဘောထားတွေကို တူညီတဲ့သဘောထားတွေ ဖြစ်အောင်လုပ်ဖို့ အကျပ်အတည်းရှိတဲ့ အဖွဲ့အစည်းဖြစ်သွားတယ်လို့ မှတ်ချက်ချပါတယ်။

အာဆီယံ အစ

———

အာဆီယံရဲ့ မူနဲ့ သဘောထားတွေကို ထည့်သွင်းစဥ်းစားတဲ့အခါမှာ သူတို့ရဲ့ မူလအစ ရည်ရွယ်ချက်တွေနဲ့ ပါဝင်သူတွေရဲ့ သရုပ်သကန်က အခရာကျပါတယ်။

အာဆီယံအဖွဲ့အစည်းကို စတည်ထောင်သူတွေကို ကြည့်ရအောင်ပါ။ ၁၉၆၇ ခုနှစ်မှာ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်စတဲ့ ငါးနိုင်ငံက စတင်တည်ထောင်ခဲ့တာပါ။

ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်လေ့ရှိတဲ့ ထိုင်းနိုင်ငံ၊ စစ်တပ်အုပ်ချုပ်မှု အောက်ရောက်နေတဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေနဲ့ စဖွဲ့စည်းခဲ့တာကို မြင်ရပါမယ်။ အဲဒီအချိန် မြန်မာနိုင်ငံမှာလည်း ဦးနေဝင်းက အာဏာသိမ်းထားတဲ့ အချိန်ပါ။

အာဆီယံ စတင်တည်ထောင်ပြီးချိန် ၁၉၈၀ ပြည့်နှစ်တွေမှာ အာဏာရှင်စနစ်ဟာ အရှေ့တောင်အာရှမှာ ခြေကုပ်ရထားပါပြီ။

စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကတော့ အာဆီယံကို ၁၉၉၇ ခုနှစ်မှာ လာအိုနဲ့ အတူတူ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်က အာရှတန်ဖိုး(Asia Value) ဆိုပြီး ခေတ်စားနေတဲ့အချိန်ပါ။ ဒီစကားကို ဦးဆောင်ပြောကြားသူတွေက မလေးရှားဝန်ကြီးချုပ်နဲ့ စင်ကာပူဝန်ကြီးချုပ်ပါ။

အာရှသမိုင်းမှာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆိုတာ မရှိခဲ့ပါဘူး။ ဒါဟာအနောက်တိုင်းသားတွေ ပြောတဲ့စကားဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း Asia Value ဆိုပြီး အသစ်ထွင်ခဲ့ကြတာလို့ ဆိုပါတယ်။ အာဆီယံ တည်ထောင်စဉ် ကတည်းကလည်း လူအခွင့်အရေးကို ကြွေးကြော်ပြီး တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။

အာဆီယံတည်ထောင်တဲ့ ရည်ရွယ်ချက်တွေက နိုင်ငံချင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ နည်းပညာဖလှယ်ဖို့ဖြစ်ပြီး ရေးမထားတဲ့ အဓိကတစ်ချက်ကတော့ ကွန်မြူနစ်ဝါဒပြန့်ပွားလာတာကို ပိတ်ဆို့ဖို့ဆိုတဲ့ အချက်ပါ။

အာဆီယံမတည်ထောင်ခင် ၂ နှစ်အလို ၁၉၆၅ ခုနှစ်မှာ အင်ဒိုနီးရှားလိုနိုင်ငံဆိုရင် ကွန်မြူနစ်ပါတီဝင်တွေနဲ့ ထောက်ခံသူတွေ ငါးသိန်းကနေ ၁၂ သိန်းလောက်အထိ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အာဆီယံထဲမှာ ဒီလိုနိုင်ငံတွေက ဦးဆောင်ပါဝင်တာကြောင့် အာဆီယံဆီကနေ ဒီမိုကရေစီရဖို့ မျှော်လင့်မရဘူးလို့ အာရှအရေး၊ မြန်မာ့အရေးကျွမ်းကျင်တဲ့ ဝါရင့်သတင်းစာဆရာကြီး ဘာတေးလင့်တနာက ပြောတာပါ။

အဓိကကတော့ အဖွဲ့ဝင်နိုင်ငံအများစုက အာဏာရှင်နိုင်ငံတွေ ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။“အာဆီယံက ဘာမှမလုပ်နိုင်ပါဘူး။ တစ်နိုင်ငံချင်းစီလည်း ဘာမှလုပ်လို့မရပါဘူး။ “လို့ ဘာတေးက ပြတ်ပြတ်သားသား မှတ်ချက်ချပါတယ်။

မြန်မာ့ဖြစ်ရပ်ကြောင့် အာဆီယံက သုံးမရတဲ့ အခြေအနေဖြစ်သွားတဲ့အကြောင်းကို ” Myanmar and the Death of ASEAN” ဆိုတဲ့ခေါင်းစဉ်နဲ့ Global Time နဲ့ Irrawaddy သတင်းဌာနတွေမှာ သူကိုယ်တိုင်လည်းဆောင်းပါး ရေးသားခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ တုံ့ပြန်ဖူးတာတွေက ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလမှာဆိုရင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်ဖြိုခွင်းတာတွေကို ဆန့်ကျင်ကြောင်းသာ ထုတ်ပြန်ခဲ့ကြတာပါ။ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကဆိုရင် ဘာမှတောင်မပြောဘဲ နှုတ်ဆိတ်နေခဲ့ကြပါတယ်။

အာဆီယံ၊ စစ်ကောင်စီနဲ့ အကျိုးစီးပွား ဆက်နွယ်မှုတွေ

————-

စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ စစ်ကောင်စီကို အသိအမှတ်မပြုဘူးဆိုပေမဲ့ တိတ်တိတ်လေး ပတ်သက်ဆက်နွယ်မှုရှိပါတယ်။ နိုင်ငံပိုင်လုပ်ငန်းနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသလို စစ်ကောင်စီကိုလည်း လက်နက်တွေ ရောင်းချနေတာပါ။

UN ရဲ့ အစီခံစာတစ်စောင်မှာဆိုရင် စစ်ကောင်စီကို လက်နက်ရောင်းချတဲ့အထဲမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၁၃၀ ကျော်ပါဝင်ပါတယ်။

မြန်မာလူထုကို သတ်နေတဲ့ လက်နက်တွေကို ရောင်းချနေတဲ့အထဲမှာ အာဆီယံအဖွဲ့ဝင်ထဲက စင်ကာပူတစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းလည်း ထိပ်ဆုံးက ပါပါတယ်။

ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာအရဆိုရင် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်တပ်တွက် ရုရှားကနေ ဒေါ်လာ ၂၆၇ သန်း၊ တရုတ်ကနေ ဒေါ်လာ ၂၅၄ သန်း၊ အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းနဲ့ ထိုင်းကနေ ဒေါ်လာ ၂၈ သန်း ရောင်းချထားတယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ခဲယမ်းရောင်းချတဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာလည်း အာဆီယံနဲ့ မိတ်ဖက်နိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက ရပ်တည်နေပါတယ်။

သူတို့ဟာ တစ်ဖက်မှာ အာဏာသိမ်းတာကို လက်မခံကြောင်းပြောပေမဲ့ လက်တွေ့မှာတော့ စစ်ကောင်စီကို ထောက်ခံတဲ့အပြင် လက်နက်ခဲယမ်းတွေနဲ့ အကျိုးစီးပွားတွေပါ လက်တွဲလုပ်နေတာ အခုထိမရပ်သေးပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်စိုးနိုင်ကတော့ “အာဆီယံက ကျနော်တို့တိုင်းပြည်အပြောင်းအလဲအတွက် အားကိုးလောက်စရာ အကြောင်းအချက်အလက်မရှိဘူး” လို့ သုံးသပ်ပါတယ်။

အာဆီယံရဲ့ ထရိုင်ကာ ယန္တရား (Troika Mechanism)

————–

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မငြိမ်မသက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ရေး ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ ချဉ်းကပ်ကိုင်တွယ်မှုတွေဟာ ရလဒ်တစ်စုံတစ်ရာမှ ထွက်ပေါ်မလာဘူးလို့ဝေဖန်ခံနေရချိန် Troika Mechanism ကို ကျင့်သုံးပြီး မြန်မာ့အရေးကိုင်တွယ် ဖြေရှင်းဖို့ လုပ်ဆောင်လာတာ ရှိပါတယ်။

၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာပါ။ Troika Mechanism ဆိုတာ အာဆီယံဥက္ကဌ သုံးဦးပေါင်းပြီး ဖြေရှင်းဖို့လို့ ဆိုပါတယ်။ အဲ့ဒီဥက္ကဌတွေက ပြီးခဲ့တဲ့ အလှည့်ကျ အင်ဒိုနီးရှား ဥက္ကဌရယ်၊ လက်ရှိ လာအိုဥက္ကဌရယ်၊ နောက်တာဝန်ယူရမယ့် မလေးရှား ဥက္ကဌရယ်ပေါင်းပြီး ဖြေရှင်းဖို့ ဖြစ်ပါတယ်။

Troika Mechanism ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အခြေအနေတွေမှာ အာဆီယံက စုပေါင်းလုပ်ဆောင်ဖို့လိုအပ်ခဲ့ရင် အသုံးပြုတဲ့ ယန္တရားတစ်ခုလည်း ဖြစ်ပါတယ်။

Troika Mechanism ရဲ့ အခန်းကဏ္ဍဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ကူညီပေးဖို့ဖြစ်ပြီး သူ့တို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့မဟုတ်သလို အာဆီယံရဲ့”အဖွဲ့ဝင်အားလုံး သဘောတူညီရမယ်”ဆိုတဲ့ အချက်နဲ့ “ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရ” ဆိုတဲ့အခြေခံမူတွေကိုလည်း ထည့်သွင်းထားပြန်ပါတယ်။

ဒါ့အပြင် ဒီယန္တရား ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို အသေးစိတ်ဖော်ပြခြင်း မရှိသလို အရင်သဘောတူထားတဲ့ ဘုံသဘောတူညီချက်ငါးချက်နဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့သာ ကြိုးပမ်းနေကြတာလို့ နားလည်ရပါတယ်။

ဒီယန္တရားက အာဆီယံအတွက် အသစ်တော့ မဟုတ်ပါဘူး။ ၁၉၉၇ ခုနှစ်က စတင်ကျင်သုံးခဲ့ပြီး အဲဒီအချိန်က ကမ္ဘောဒီးယား အာဏာသိမ်းမှုကို အာဆီယံအနေနဲ့ အလွတ်သဘော သီးသန့်တုံ့ပြန်နိုင်ဖို့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ထရိုင်ကာယန္တရား အတွက် အကိုးအကားစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ဖြစ်တဲ့ လုပ်ငန်းဆိုင်ရာ သဘောတူညီချက် (Terms of Reference)ကို ၂၀၀၀ ခုနှစ်ရောက်မှ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပြီးတော့ အဲဒီအထဲမှာ ယခင်၊ လက်ရှိနဲ့ အနာဂတ်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် နိုင်ငံများပါဝင်ဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ဒါ့ကြောင့် မြန်မာ့အရေးဖြေရှင်းဖို့အတွက် ဒီယန္တရားက ထင်သလောက်ခရီးပေါက်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်မှုတွေကလည်း ကြိုတင်ရှိနေကြပါပြီ။

လက်ရှိမှာတော့ လာအိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ခေါင်းဆောင်တွေအပြင် NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို တွေ့ဆုံထားပါတယ်။

အဲဒီခရီးစဉ်အပြီးမှာတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အွန်လိုင်းကတဆင့် တွေ့ဆုံထားပြီးတော့ ဆွေးနွေးမှုအသေးစိတ်တွေကိုတော့ ထုတ်ဖော်ပြောကြားတာ မတွေ့ရပါဘူး။

အာဆီယံ ဘုံသဘောတူညီချက် ရရှိပြီးနောက်ပိုင်းမှာ အာဆီယံကိုယ်စားလှယ်တွေဟာ မြန်မာကို လာရောက်ခဲ့ပေမဲ့ သူတို့တွေ့ချင်တဲ့သူတွေနဲ့ တွေ့ခွင့်မရကြတဲ့အပြင် တိကျတဲ့အဖြေကိုလည်း မရသေးပါဘူး။

ဒါကြောင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီကို အာဆီယံက ကိုယ်စားပြုခွင့် မပေးတာလောက်ပဲ လုပ်နိုင်ဆိုတဲ့သဘောလို့ ဝေဖန်တာပါ။

” အာဆီယံ အစည်းအဝေးတွေမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးဘဲ( Non Political Representation) နဲ့ ရပ်ထားတဲ့ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်ကို ဆက်ထိမ်းထားနိုင်ရင်ကို ထူးခြားမှု တစ်ခုလို့မှတ်ယူရမယ့် အခြေအနေ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

လာအိုက အာဆီယံဥက္ကဌအဖြစ် အလှည့်ကျ ဆောင်ရွက်တဲ့အချိန်မှာတော့ စစ်ကောင်စီရဲ့ သဘောထား အပြောင်းအလဲ ဖြစ်လာတာကို တွေ့လာရပါပြီ။

ပြီးခဲ့တဲ့လ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးစည်းဝေးပွဲမှာ နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို ပထမဆုံးအနေနဲ့ စေလွှတ်ခဲ့ပါတယ်။

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာအနေနဲ့ နိုင်ငံရေးရာထူးမယူထားတဲ့ ကိုယ်စားလှယ်သာ တက်ရောက်ခွင့်ပြုမယ်လို့ အာဆီယံဘက်က ကြေညာခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သုံးနှစ်လုံး သဘောထားတင်းမာစွာ တုံ့ပြန်ပြီးနေခဲ့တာပါ။

လာအို ဥက္ကဌအလှည့်မှာတော့ ဒီအချက်ကို စစ်ကောင်စီဘက်က ဖြေလျော့ပေးလာခဲ့ပါတယ်။ အာဆီယံ ဥက္ကဌလာအိုဟာ စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသလို တရုတ်ရဲ့ ဩဇာခံလည်းဖြစ်နေတာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ကံတရားက ဒီနှစ်မှာသာနိုင်တယ်လို့ တွက်ဆမှုတွေလည်း ရှိနေပါတယ်။

မြန်မာလူထုကတော့ ယန္တရားအသစ် Troika Mechanism အပေါ် မျှော်လင့်ချက်နည်းနည်း ထားရှိပါတယ်။ ဒီယန္တရားကနေ အ‌ရွေ့တစ်ခုခုကို တွန်းပို့တာမျိုး ဖြစ်လာနိုင်မယ်လို့လည်း တွက်ဆထားကြပါတယ်။

သတင်းစာဆရာကြီး ဘာတေးလင့်တနာကတော့ တော်လှန်ရေးအောင်နိုင် ပြီးဆုံးဖို့ကိုတော့ မြန်မာပြည်သူတွေကိုယ်တိုင်ပဲ ကြိုးစားရမှာဖြစ်ပြီး အခြားအားကိုးလို့မရဘူးလို့ ပြောထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here