အောက်တိုဘာ၊၂၁
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အများပိုင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ တစ်နှစ်နဲ့ သုံးလ(၁၅ လ)ရှိနေပြီ ဖြစ်ပါတယ်။
တစ်နှစ်ကျော် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် အင်တာနက်လိုင်းကို ဆိုင်မှာသွားပြီး အခကြေးငွေပေး သုံးရတာမျိုးမဟုတ်ဘဲ အရင်လို လွတ်လွတ်လပ်လပ် အသုံးပြုချင်နေပြီလို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ကိုယ့်အိမ်မှာသုံးသလိုသုံးလို့မရဘူး။ ဆိုင်မှာသွားသုံးရင်လည်း ကိုယ့်မိသားစုအကြောင်းအရာ အရမ်းကြီးတဲ့ကိစ္စတွေဆိုလည်း ပြောဆိုရတာ အရမ်းအဆင်မပြေဘူး”လို့အထက်ပါအမျိုးသမီးက ပြောပါတယ်။
My Net Knet ဝိုင်ဖိုင်စက်တွေရှိပေမဲ့ Star link ဝိုင်ဖိုင်လောက် အင်တာနက်လိုင်း မကောင်းဘူးလို့လည်း ဆိုပါတယ်။
မြစ်ကြီးနားမြို့နဲ့ မြို့နယ်အများပိုင်းမှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံခဲ့ရတာဖြစ်ပြီး ယခုအချိန်မှာတော့ နေရာရပ်ကွက်အချို့မှာ Telenor၊Mytel၊MPTဖုန်းလိုင်းလည်းတွေ အနည်းငယ်ပြန်လည်ရရှိနေတာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးကလည်း အင်တာနက်လိုင်းအဆင်မပြေရင်တောင် ဖုန်းလိုင်းတော့အဆင်ပြေချင်တယ်လို့ ပြောပါတယ်။
“ အခုကဖုန်းလိုင်းက ကိုယ်ပြောတာသူမကြား သူပြောတာကိုယ်မကြားဖြစ်နေတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ် ။
လူမှုရေး၊စီးပွားရေး၊ကျန်းမားရေး နှောင့်နှေးရတဲ့အပြင် သတင်းအချက်အလက်မရတဲ့အတွက် သွားလာရေးတွေမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် အင်တာနက်လိုင်းလိုအပ်တဲ့ ကျောင်းသူ/သားတွေနဲ့ အွန်လိုင်းကနေ ကျောင်းတက်နေရတဲ့လူငယ်တွေဟာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေရနေတဲ့ ရန်ကုန်မြို့နဲ့ မန္တလေးလို မြို့ကြီးတွေမှာ အခက်အခဲတွေကြားကနေ သွားရောက်သင်ကြားနေရတာပါ။
ကချင်ပြည်နယ်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် IP Star၊Star Link တွေကို ဈေးကြီးပေးတပ်ဆင်အသုံးပြုကြပြီးတော့ အင်တာနက်ဝန်ဆောင်ခပေးပြီး အသုံးပြုနေကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။







