KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရတာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး သူ့ရဲ့အမှုအယူခံကို ပြည်နယ်တရားရုံးကပါပယ်ချ

209

ဒီဇင်ဘာ၊၅

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှုဟာ ခရိုင်တရားရုံးကနေ အယူခံပယ်ချခံရပြီးတဲ့နောက် ပြည်နယ်တရားရုံးမှာပါ အယူခံပယ်ချခံခဲ့ရတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးဆီကနေ သိရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ အပြီးသတ်တရားစီရင်ချိန်မှာ ပုဒ်မသုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာဖြစ်ပြီး အဲဒီအမှုတွေအတွက် ပြည်နယ်မှာအယူခံ၀င်ပေမဲ့ ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။

ပြည်နယ်တရားရုံးမှာ အယူခံဝင်ထားပေမဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၂၆ ရက်နေ့မှာ အယူခံပယ်ချလိုက်တဲ့အတွက် ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်ဝင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆရာကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။

“ပြည်နယ်ကနေ ပယ်ချလိုက်ပြီ။ ဥပဒေအရ သူ့အတွက် လုပ်လို့ရတဲ့ဟာကို လုပ်ပေးတယ်။ သူ့ရဲ့ရနိုင်တဲ့ အခွင့်အရေးမှန်သမျှကို ရအောင်တော့ ကြိုးစားသွားမယ်”လို့ ရှေ့နေက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ၂၀၂၃ ဧပြီလ ၇ ရက်နေ့က ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်အနေနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာဖြစ်ပြီး ဒီကနေ့ဆိုရင် ဖမ်းဆီးခံရတာ တစ်နှစ်ပြည့်ပြီပဲ ဖြစ်ပါတယ်။

” အမြန်လွတ်ခိုင်းစေချင်ပြီ။ လွတ်ပါစေလို့လည်း အရမ်းဆုတောင်းနေတယ်။” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ မိသားစုဝင်တစ်ဦးကလည်း ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တာပါ။ ဒါ့အပြင် ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-က၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ၅၂(က)နဲ့ တရားစွဲဆို ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here