တရုတ်နိုင်ငံမှ ကိုဗစ်ရောဂါထိန်းချုပ်ရန် ပြန်လွှတ်လိုက်သည့် မြန်မာနိုင်သားများအား လက်ခံဆောင်ရွက်ပြီး နေအိမ်သို့ ပို့ဆောင်ပေးနေကြောင်း စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ပြော

806
ကန်ပိုင်တီ covid-19

မေ၊၅

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအခြေအနေကို ထိန်းချုပ်ရန်အတွက် နေရပ်ပြန်ခိုင်းလိုက်သည့် မြန်မာနိုင်ငံသား (၃,၀၀၀)ကို မိမိတို့အနေဖြင့်တာဝန်ယူလက်ခံကာ ၎င်းတို့၏ နေအိမ်သို့ ပို့ဆောင်ပေးနေကြောင်း စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

အဆိုပါ နိုင်ငံအတွင်း ပြန်လာသူများသည် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့မှ ဖြစ်ကြပြီး ၎င်းတို့ကို ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီ နယ်စပ်ဂိတ်တွင် တရုတ်ဘက်မှ လာရောက်ပို့ဆောင်ပေးကြောင်း သိရသည်။

တရုတ်က ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံက အားလုံးကို ခေါ်ပြီးပြန်ခိုင်းတယ်။ တချို့က ထောင်ထဲကထွက်လာတာတွေလည်းပါတယ်။ တရားဝင်တဲ့ဟာရော၊ မဝင်တဲ့ဟာရော ကိုဗစ်ကာလမို့လို့ အားလုံးကို ပြန်ခိုင်းတာဖြစ်တယ်။ သူတို့က ကန်ပိုင်တီနယ်စပ်အထိ သူတို့လာပို့တယ်။ လာပို့တော့ ကျွန်တော်တို့လည်း ကိုယ်နိုင်ငံသားတွေဖြစ်တဲ့အတွက် လက်ခံပြီး လိုအပ်တဲ့ဟာ အားလုံးဆောင်ရွက်ပေးတယ်၊” ဟု ဦးခက်ထိန်နန်က ဆိုသည်။

မြန်မာနိုင်ငံသား (၃,၀၀၀) ကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားလာသည့်အတွက် ယင်းဌာနမှတစ်ဆင့် လဝကဝန်ကြီးဌာနကို ပြန်လည်အကြောင်းကြားကာ ၎င်းတို့ ခွင့်ပြုချက်ဖြင့် လက်ခံရန် ညွှန်ကြားလာသည်နှင့် ပြည်နယ်သက်ဆိုင်ရာဌာနက လက်ခံဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

ပထမအသုတ်အနေဖြင့် လူပေါင်း ၂၉၈ ဦးကို လက်ခံကာ အမျိုးသားများကို မိုးလုံလေလုံ အားကစား ခန်းမတွင် နေရာချပေးပြီး အမျိုးသမီးများကို သီတဂူဆေးရုံ အဆောင်တွင် နေရာချပေးကာ Quarantine (၅)ရက် ဝင်စေ၍ ကိုဗစ်-၁၉ မရှိသူများကို နိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းများက ၎င်းတို့နေအိမ်သို့ ပို့ဆောင်ပေးကြောင်း သိရသည်။

ပထမအသုတ်ကို ကျွန်တော်တို့ လက်ခံပြီးပြီ၊ အခုသူတို့ Quarantine ရက်ဝင်ပြီးနောက် သူ့တို့ဒေသကို အကုန်ပြန်ပို့မှာဖြစ်တယ်၊ သူတို့ ဒီကို အင်္ကျီတစ်ထည်၊ လုံခြည်တစ်ထည်၊ အဲဒါနဲ့ပဲ ရောက်လာတယ်။ ကျွန်တော်တို့သူတို့ကို အဝတ်အစားနဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ဝယ်ပေးတယ်၊ တိုင်းနဲ့ပြည်နယ် တစ်နိုင်ငံလုံးကဖြစ်တဲ့အတွက်ကြောင့် သူ့နေရာအရပ်ဒေသကို အားလုံးပြန်ပို့မယ်။” ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ကပြောသည်။

ပထမအသုတ် လူဦး‌ရေ ၂၉၈ ဦးသည် ဧပြီလ ၂၆ ရက်နေ့ကဝင်ရောက်လာ၍ Quarantine ဝင်ပြီးနောက် မိမိဒေသသို့ပြန်သွားပြီဖြစ်ကြောင်းနှင့် ဒုတိယအသုတ် လူဦးရေ ၈၀ ဦးသည် ၂၉ ရက်နေ့က ရောက်ရှိလာကာ Quarantine ဝင်ပြီး မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက အာဏာလွှဲပြောင်းယူပြီးတစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံက ပြန်လာသည့် မြန်မာနိုင်ငံသား အယောက် ၄၀၀ နီးပါးကို ကြိုဆိုလက်ခံကာ ၎င်းတို့နေအိမ်သို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းဦးခက်ထိန်နန်က ပြောကြားခဲ့သည်။

ပုံဟောင်းအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here