ကချင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက် ပြတ်တောက်နေတာ ၇ လပြည့်ပြီ

88
ဓါတ်ပုံ- ဖုန်းနှင့် အင်တာနက်ပြတ်တောက်စဉ်က မြစ်ကြီးနားမြို့ MPT ရုံးအနီး ဖုန်းဆက်ရန်ကြိုးစားနေစဉ်။

 

ဖေဖော်ဝါရီ၊၂၁

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အများပိုင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်း အကုန် ပြတ်တောက်နေတာ ဒီကနေ့ဆို (၇)လပြည့်ပြီ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့အပြင် တခြားမြို့နယ်အချို့မှာ ဖုန်းနဲ့ အင်တာနက်(Star Link)လိုင်းတွေကို အသုံးပြုလို့ရနေပေမဲ့ တချို့ Star Linkတွေနဲ့ ဖုန်းလိုင်းတွေ မရှိတဲ့ ဝေးလံခေါင်ဖျားတဲ့ မြို့ရွာနေ မိသားစုတွေနဲ့ လူငယ်တွေမှာ အခက်အခဲရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“Star Link ရှိနေရင်တောင်မှ လူတိုင်း မိသားစုတိုင်းက မသုံးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ တချို့မိသားစုတွေက အရမ်းခက်ခဲတာတွေရှိတယ်ပေါ့၊ လူငယ်တွေအတွက်ဆိုရင်လည်း အလုပ်အကိုင်အခွင့်အလမ်းရှာဖွေချင်ရင်တောင်မှ အင်တာနက်လိုင်းက လူတိုင်းမသုံးနိုင်ဘူး Star Linkက နေရာတိုင်းမရှိနေဘူး၊ အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းကို ပုံမှန်ရရှိစေချင်တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

အင်တာနက်လိုင်းကတော့ မြစ်ကြီးနားမြို့အပြင် တခြားမြို့နယ်တွေမှာလည်း မရသေးတဲ့အတွက် Star Link စတဲ့ဂြိုလ်တု ဝိုင်ဖိုင်စက်တွေနဲ့ တစ်နာရီကို ကျပ် ၃,၀၀၀ ဝန်းကျင် အခကြေးငွေပေးပြီး အသုံးပြုနေကြရတာပါ။

မြစ်ကြီးနားမှာ MPT၊ Ooredooeနဲ့ Atom(Telenor) ဖုန်းလိုင်းတွေ ရနေပေမဲ့ ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေသေးတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။

မြစ်ကြီးနားမြို့မှာ Star Link ချိတ်ဆက်ထားတဲ့ အင်တာနက်ဆိုင်တွေမှာ အင်တာနက်သွားသုံးတဲ့အချိန် တစ်နာရီစာ အင်တာနက်ဖိုးပေးပေမဲ့ လိုင်းမကောင်းတဲ့အတွက် နာရီဝက်လောက်ပဲ အသုံးပြုခဲ့ရတဲ့ အချိန်တွေလည်း ရှိတယ်လို့ နောက်ထပ် မြစ်ကြီးနားဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ Wifi စက် အသုံးပြုတဲ့သူတွေ များပြားလာတာကြောင့် တပ်ဆင်ထားတဲ့ဆိုင်တွေနဲ့ အိမ်တွေမှာ စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့်လည်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ထားပြီး တရုတ်ဘက်က ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ မဝင်တော့တာကြောင့် ကချင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ အနေအထားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here