KIA ရဲ့ ထိုးစစ် ၂ လအတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၈၀ လောက် သိမ်းပိုက်ထား

15
ဓါတ်ပုံ- ယနေ့သိမ်းပိုက်ရရှိခဲ့သည့် ဧရာဝတီတံတား(စင်းခန်း) ပေါ်တွင် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အောင်ပွဲခံနေစဉ်။

 

မေ၊၇

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ် နှစ်လအတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်ပေါင်း ၈၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၇ ရက်နေ့က KIA ဘက်နေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ထိုးစစ်ဆင်တဲ့နေ့(မတ်လ ၇)ရက်နေ့က စပြီး ဒီကနေ့ ၂ လပြည့်တဲ့အချိန်ထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက် အပြင် တစ်ခြား တပ်မဟာ(၁)နဲ့ တပ်မဟာ(၉)အစရှိတဲ့ နေရာတွေဘက်ကပါ ပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကကောင်စီတပ်စခန်းကြီး/ငယ် အားလုံးပေါင်း ၈၀ လောက် ရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

အားလုံးပေါင်းက ၈၀ နီးပါးတော့ ရှိလောက်ပြီ။ စာရင်းတွေက လုပ်နေဆဲဆိုတော့။ ဒါပေမဲ့ အပေါ်ယံကတော့ ၈၀ လောက်ပေါ့”လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့ကနေစပြီး မိုးမောက်-လွယ်ဂျယ်တစ်ကြောက စခန်းငယ်တွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းကြီးနှစ်ဖြစ်တဲ့ စိန်လုံတပ်စခန်းကြီးနဲ့ ယောယုံတပ်စခန်းကြီးအပြင် လော့မွန် (Lawmun)၊ လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

အထက်ပါ စခန်းတွေသာမက ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ကနေ ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဂိဒေါန်(Gi Don)တပ်စခန်းကြီးကိုလည်း မေလ ၄ ရက်နေ့ကနေ စတင်တိုက်ခဲ့ပြီး နှစ်ရက်အကြာမှာ ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

ဂိဒေါန်တပ်စခန်းကြီး အနီးအနားက တပ်စခန်းတွေဖြစ်တဲ့ ဆမားကုန်း၊ ပုန်းလိမ်၊ ကဂမ် အင်ခရမ်တို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီကနေ့ မေလ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဗန်းမော်- မန္တလေးလမ်းမပေါ်က အရေးကြီး တံတားတစ်စင်းဖြစ်တဲ့ ဧရာဝတီတံတား(စင်းခန်း)စောင့် စခန်းအပြင် မံစီမြို့မ ရဲစခန်းနဲ့ မန်ရွက်က စခန်းငယ်တစ်ခုကို KIA တပ်ပေါင်းစုတွေကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မံစီမြို့နယ်၊ မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ် စတဲ့ မြို့နယ် ၃ ခုဘက်မှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီတပ်စခန်းတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့အပြင် ဖားကန့်ဒေသမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

KIA ဘက်က စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ လက်ရှိအချိန်အထိလည်း အရှိန်လျော့သွားတာမျိုး မရှိသေးဘဲ ဆက်တိုက်ဖော်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here