ဖားကန့်မှာ အရေးပေါ် ဗုံးခိုကျင်း(ကတုတ်ကျင်း)တွေ တူးထားဖို့ KIA က ညွှန်ကြားထားဟုဆို

1

 

စက်တင်ဘာ၊၂၂

ဖားကန့်ကျောက်စိမ်းတွင်းဒေသက ပြည်သူတွေကို အရေးပေါ် ဗုံးခိုကျင်း(ကတုတ်ကျင်း)တွေ တူးထားဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ မိမိအသက်အန္တာရယ် လုံခြုံရေးအတွက် အရေးပေါ် ဗုံးခိုကျင်း(ကတုတ်ကျင်း)တွေ တူးထားဖို့ အရင်ကတည်းက ညွှန်ကြားထားတာဖြစ်ပြီး အခုထပ်မံပြီး ညွှန်ကြားလာတာဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အကုန်လုံးကို ပြောတာပေါ့။ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သတိနဲ့နေဖို့ ညွှန်ကြားတာပေါ့ အရာရှိတွေ ကိုယ်အပိုင်းနဲ့ကိုယ် ညွှန်ကြားထားတာပေါ့။ ပြည်သူတွေကို ပြန်သတိပေးတာပေါ့။ မှန်းဆလို့မရတဲ့နေရာ ဒေသဖြစ်တဲ့အတွက် သတိထားစောင့်ကြည့်နေတဲ့အပိုင်းတွေ မလျှော့အောင်လို့ပေါ့ “လို့ အထက်ပါ အမျိုးသားကပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းအန္တာရာယ်တွေကို သတိထားဖို့ ပြောဆိုနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေအတွင်း စစ်အုပ်စုက အထိနာနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် အခုလိုညွှန်ကြားထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖားကန့်ဒေသက အမျိုးသမီးတစ်ဦးကတော့ “ကတုတ်ကျင်းအကုန်တူးရမယ်။ အန္တာရာယ်ကြောက်ရတယ်ဆိုပြီး အဲဒီလိုတော့ပြောနေကြတယ်။ ဒါပေမဲ့ ကျွန်မတို့တော့ ဘာမှမလုပ်ရသေးဘူး။”လို့ ပြောပါတယ်။

ဖားကန့်ဒေသဟာ နယ်မြေမတည်ငြိမ်တဲ့နေရာ ဒေသဖြစ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်းကတော့ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကို ကာကွယ်ဖို့အတွက် မိမိနေရာနေအိမ်ခြံဝင်းတွေမှာ အရင်ကတည်းက အရေးပေါ် ဗုံးခိုကျင်း(ကတုတ်ကျင်း)တွေ၊ သဲအိတ်တွေ ကြိုတင်ပြုလုပ်ထားကြပါတယ်။

လက်ရှိမှာတော့ စစ်တပ်နဲ့ KIA/KPDFပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိပြီး စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စု မလန်းကျေးရွာ ရပ်ကွက်(၄)မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ခဲ့တဲ့အတွက် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here