မတ်၊၂၂
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာက စစ်ကောင်စီဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့မနက် ၇နာရီခွဲလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
KIA ဘက်က ဒရုန်းနဲ့ တိုက်ခိုက်တဲ့ အသံမျိုးကြားရပြီး စစ်ကောင်စီဘက်ကတော့ လက်နက်ကြီး/ငယ်တွေနဲ့ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“လက်နက်ငယ်ပစ်တဲ့ အသံတော့ မကြားရဘူး။ ဒရုန်းနဲ့လား၊ ရှော့တိုက်ဒုံးနဲ့လား မသိဘူး။ ဟိုဘက်ကတော့ လက်နက်ကြီးရော၊ လက်နက်ငယ်ပါ ပစ်ခတ်ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့မနက် တိုက်ပွဲဟာ ၄၅ မိနစ်လောက်ကြာမြင့်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရှိရဘူးလို့ နောက်ထပ်ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။
“မရန်ကထောင်မှာ ပစ်ခတ်ကြတာ။ ဂိတ်မှာကို ပစ်ခတ်ကြတာ။ ဂိတ်နဲ့ တပ်စခန်းက နီးနီးလေးပဲ။ ရွာအတွင်းမှာတော့ ဒေသခံတွေ မရှိသလောက် ဟုတ်တယ်။ တပ်ဘက်က လက်နက်ကြီးတွေရော ပစ်ကြတယ်“လို့ ဒေသခံက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီတပ်စခန်းနဲ့ ဂိတ်ထိုင်နေတဲ့ စစ်သားတွေ စုစုပေါင်း အင်အား ၆၀ လောက် ရှိနိုင်တယ်လို့ သိရပါတယ်။
မြစ်ကြီးနား- နမ္မတီး-လဝါးလမ်းပေါ်က မရန်ကထောင် စစ်ကောင်စီဂိတ်စခန်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်က ပစ်ခတ်သံတွေ ကြားရပြီးတဲ့ နောက်ပိုင်းကနေ ရွာအတွင်းက အိမ်ခြေအချို့ဟာ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး အစရှိတဲ့ မြို့တွေဘက် ထွက်ပြေးတိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။







