မေ၊၂၁
ကချင်ပြည်နယ်၊ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့ည ၈နာရီကျော်လောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဝိုင်းမော်မြို့ပေါ်နဲ့ အနီးဆုံးဖြစ်တဲ့ စစ်ကောင်စီရဲ့ ခမရ ၃၂၁ အနီးဝန်းကျင်က တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မေလ ၁၈ ရက်နေ့က စပြီး တစ်ပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
ထိုးစစ်ဆင်နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ ဂါးရာယန်ကျေးရွာနဲ့ ၃၂၁ တပ်စခန်းကြားက လုံဇက်ကောင်တပ်စခန်းကြီးအပြင် ဒဘတ်ချောင်းကူး တံတားထိပ်က ကဇူးတပ်စခန်းကြီးတို့ကို သိမ်းပိုက်ပြီးနောက် ဒီကနေ့ညမှာတော့ ကျန်ရှိနေတဲ့ ၃၂၁ တပ်စခန်းကြီး သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“၃၂၁ သိမ်းပြီ။ လေယာဉ်လည်း နှစ်ခေါက်လောက် လှည့်ပစ်ပြီး ပြန်သွားပြီ။ သူတို့(စစ်ကောင်စီတပ်သားတွေ) မရှိတော့ဘူး။ စစ်သားတွေ အရမ်းများတယ်။“လို့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
အထက်ပါ ရွှေညောင်ပင် ၃၂၁ တပ်စခန်းကြီး လက်မလွှတ်ရရေး စစ်ကောင်စီဘက်က လေကြောင်းနဲ့သာမက ဝိုင်းမော် ၅၈ တပ်ရင်း၊ မြစ်ကြီးနား အမြောက်တပ်ကနေပါ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတွေဘက် လက်နက်ကြီး ပစ်ကူတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့အတွင်းမှာတော့ စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံး KIA က သိမ်းပိုက်လိုက်ပြီလည်း ဖြစ်ပါတယ်။
ဝိုင်းမော်မြို့အနီးက အူထောင်ဘွမ်တပ်စခန်းနဲ့ ခါးရှိ၊ အောင်မြေ၁၊ အောင်မြေ၂ကျေးရွာအတွင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စခန်းချ နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း KIA ဘက်က တိုက်ပွဲဖော်ဆောင်တဲ့ နှစ်ရက်တာအတွင်းမှာ အပြီးရှင်းထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
နှစ်ဖက်တပ် တိုက်ပွဲအခြေအနေတွေကြောင့် ဝိုင်းမော်မြို့နယ်အတွင်းက ဒေသခံပြည်သူအများစုကတော့ လက်ရှိအချိန်မှာ မြစ်ကြီးနားမြို့ဘက်နဲ့ နီးစပ်ရာဆွေမျိုးတွေဆီ စတင်ရှောင်တိမ်းနေကြပြီလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း တချို့ကို မတ်လ ၇ ရက်နေ့က KIA ဘက်ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ထိုးစစ်ဆင်တဲ့နေ့ မတ်လ ၇ ရက်နေ့ကစပြီး ဒီကနေ့အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်အပြင် တခြား တပ်မဟာ(၁)ဘက်နဲ့ တပ်မဟာ(၉)အစရှိတဲ့ နေရာတွေဘက်ကပါပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကကောင်စီတပ်စခန်းကြီး/ငယ်အားလုံးဟာ ၉၀ နီးပါး ရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ အတည်ပြု ပြောပြချက်အရ သိရပါတယ်။







