နိုဝင်ဘာ၊၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့က စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၈နာရီလောက်မှာ သွားရောက်ပစ်ခဲ့ပြီး လက်ရှိအချိန် ဂိတ်ထိုင်တာတွေ မရှိတော့ဘူးလို့ ဆဒုံးဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ရဲ၊ စစ်သားအပြင် ဌာနဆိုင်ရာတွေပါ ဂိတ်ထိုင်လေ့ရှိတဲ့ အထက်ပါ စုပေါင်းဂိတ်ကို KIAကနေ ဒီကနေ့မနက် ၅ မိနစ်ကျော်လောက် သွားရောက်ပစ်ခတ်ခဲ့ပြီး ရဲနဲ့ စစ်သားအချို့ ဖမ်းဆီးသွားတယ်လို့ ကြားသိရပေမဲ့ အတည်ပြုနိုင်တာတော့ မရှိဘူးလို့ ဆဒုံးဒေသခံ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“စုပေါင်းဂိတ်ဟုတ်တယ်။ တစ်ယောက်၊ နှစ်ယောက်လောက်ကို ဖမ်းသွားတယ်လို့ ပြောတယ်”လို့ ဒေသခံက ဆိုပါတယ်။
အရင်က အထက်ပါဂိတ်မှာ ရဲနဲ့စစ်သားတွေ ၁၀ ဦးလောက် ထိုင်လေ့ရှိပေမဲ့ ဒီကနေ့မနက်မှာတော့ အဲဒီလောက် အင်အားမရှိဘူးလို့လည်း သိရပါတယ်။
ဂိတ်အနီးဈေးရောင်းတဲ့ အိမ်ခြေ ၂ ခုလောက်ရှိပေမဲ့ ပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိဘူးလို့ အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရသိရပါတယ်။
ဆဒုံးစုပေါင်းဂိတ် သွားရောက်ပစ်ခတ်မှုနဲ့ နောက်ဆက်တွဲအခြေအနေကို မေးမြန်းရာမှာတော့ အတည်ပြုစုံစမ်းရဦးမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ဖြေကြားခဲ့ပါတယ်။







