မတ်၊၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ အင်လုံခ တံတားစောင့် ပြည်သူ့စစ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့မနက် ၅ နာရီခွဲလောက်က တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
အဲဒီစခန်းကို KIA ကနေ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အင်လုံခတံတားထိပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ ပြောဆိုနေကြပေမဲ့ လက်ရှိအချိန်အထိ ပစ်ခတ်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့ အောင်မြေ ၁ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
” သိမ်းလိုက်ပြီ ပြောပေမဲ့ ခုလည်း တစ်ချက်တစ်ချက် အသံမြည်နေသေးတယ်။ ဒီမနက် ၅ နာရီ ၂၄ မိနစ်မှာ ဖြစ်တာ။ ရွှေညောင်ပင်အစွန်း ၃၂၁ စခန်းဘက် အသံအရင်ကြားတယ်။ ပြီးမှ ဒီဘက် ပြန်ဖြစ်လာတာ“လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် အဲဒီတပ်စခန်းဘက် စစ်ကူလာတဲ့ ပြည်သူ့စစ်ကားကိုလည်း ဝိုင်းမော်မြို့အထွက် ခါးရှိရွာအနီးမှာ KIA ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နောက်ထပ်ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။
“ဟုတ်တယ် တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ အောင်မြေ ၁ ဘက် စစ်ကူလာတဲ့ ရွှေမင်းပြည်သူ့စစ် ကားတစ်စီးလည်း ခါးရှိမှာ ပစ်ခံရတယ်။ ခုလည်း အသံမြည်လိုက်၊ နားလိုက် ဖြစ်နေတယ်“လို့ သိရပါတယ်။
စခန်းသိမ်းနိုင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပြီး ပစ်ခတ်သံတွေတော့ ကြားနေရသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အင်လုံခ တံတားဂိတ်မှာ လီဆူလူမျိုးတွေသာမက လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါးလူမျိုးတွေကိုပါ ဖမ်းဆီးပြုတာတွေ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးလေ့ရှိတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပတ်လည်က စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို ဒီကနေ့ မနက်ပိုင်းက KIA ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အောင်မြေ ၁ ကျေးရွာကတော့ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လမ်းတစ်လျှောက် မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။







