မတ်၊၁၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဂေါန်(Nam Gawn)ကျေးရွာဟောင်း(ရွှေမှော်)မှာ တပ်ထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မနေ့(မတ်လ ၁၈)ရက်နေ့မှာ တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပြီလို့ သိရပါတယ်။
ဟူးကောင်းခရိုင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၂ အောက်၊ တပ်ရင်း ၁၄ နယ်မြေအတွင်းက အထက်ပါ စစ်ကောင်စီရဲ့ ၂၃၈ တပ်စခန်းကို KIA ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးလိုက်တာလို့ သိရပါတယ်။
“တပ်စခန်းလည်း ဖျက်ဆီးပြီး မီးရှို့ပေးလိုက်ကြပြီ။သိမ်းပြီလို့တော့ ပြောတယ်“လို့ KIA သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။
လက်ရှိ အဲဒီစခန်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KIA တို့အကြား ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း အထက်ပါ သတင်းအရင်းအမြစ်ရဲ့ ထပ်မံပြောပြချက်အရ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတစ်ဝိုက် စစ်ကောင်စီဘက်က လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ကူတာတွေ ရှိခဲ့ပြီး ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်ပြီး အတိအကျ မသိရှိရဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အထက်ပါ ရွှေမှော်ဒေသတစ်လျှောက်က မှော်တွေကို မနေ့က တစ်နေ့လုံး စစ်ကောင်စီဘက်က အလုပ်လုပ်ခွင့် တားမြစ်ထားပြီး ဒီကနေ့မှာတော့ ပုံမှန်အတိုင်း အလုပ်ပြန်လည် လုပ်ကိုင်နေကြပြီလို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
“မနေ့ကတော့ မှော်ကနေ အရမ်းထွက်သွားကြတယ်။ ခုက ကားတွေတောင် ပြန်တက်လာကြပြီ။ ဒီနေ့ အလုပ်တွေ ပြန်စနေပြီ။” လို့ ဒေသခံက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းဟာ တပ်ခွဲတစ်ခုလို စုပေါင်းနေထိုင်တဲ့တွက် အင်အား ၁၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့လည်း ဒေသခံက ခန့်မှန်းပြောဆိုပါတယ်။
နမ်ဂေါန်(Nam Gawn)ကျေးရွာဟာ ၂၀၁၇ခုနှစ်က နှစ်ဖက်တပ်တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ စွန့်ခွာခဲ့ရတဲ့ ရွာဟောင်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရွှေမှော်အဖြစ်ပြောင်းလဲပြီးတော့ ရွှေတူးဖော်နေကြတဲ့ နေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။







