စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စင်းကို ပစ်ချလိုက်ကြောင်း KIA အတည်ပြု

300

 

ဇန်နဝါရီ၊၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစ်စင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့ နေ့လယ်လောက်မှာ ပစ်ချလိုက်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စင်း KIAကနေ ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းကြားသိပြီး ဘယ်လိုလက်နက်အမျိုးအစားနဲ့ ပစ်ချတယ်ဆိုတာနဲ့ အခြားမြေပြင်သတင်းအချက်အလက် အပြည့်အစုံကိုတော့ မသိရှိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“နမ့်ဖတ်ကာဘက်မှာ ဂျက်ဖိုက်တာတစ်စင်း ပစ်ချတယ်ဆိုတဲ့ သတင်းကြားရတယ်။ ဘယ်လို လက်နက်အမျိုးအစားနဲ့ ပစ်တယ်ဆိုတာ မြေပြင်သတင်းအချက်အလက် အသေးစိတ်မသိရသေးဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးက နာဖော့တောင်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို KIA ရှေ့တန်းတပ်စခန်းကနေ ပစ်ချခဲ့ပြီး ရဟတ်ယာဉ်ပေါ်ပါသူတွေ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မနေ့ကလည်း နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ခလရ ၁၂၃ စစ်ကောင်စီဗျူဟာကုန်းကိုလည်း KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပြီး အဲဒီဒေသဘက်မှာ စစ်ရေးတွေ တင်းမာနေတာပါ။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here