ဒေါ့ဖုန်းယန်မြို့ဘက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူအချို့ သေဆုံးခဲ့ကြောင်း KIA အတည်ပြု

100

ဖေဖော်ဝါရီ၊၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲက Wa Ngang(ဝငန်း)နဲ့ Nang I(နန်အီ)ရွာဘက် ဒီကနေ့မနက် အစောပိုင်း ၁နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်ခဲ့ တဲ့တာကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း Wa Ngang ရွာက ဦးမောင်ဦးတို့ တစ်မိသားစုလုံး အသက်ဆုံးရှုံးသွားတယ်လို့ ကြားသိရတဲ့အပြင် တစ်ခြားရွာက ဒေသခံပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပေမဲ့ အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ဝငန်းရွာက ဦးမောင်ဦးတို့အိမ်က ယောက်သေဆုံးပြီး မိသားစု တစ်စုလုံး ပါသွားတယ်လို့ ကြားသိရတယ်။ တစ်ခြားရွာက ဒေသခံတွေလည်း ထိခိုက်သေဆုံးတာ ရှိတယ်။ ဒါပေမဲ့ အတိအကျတော့ အကုန်မသိရသေးဘူး။ ဆွမ်ဒူဘေးက အောင်မြင်သာရွာမှာက နေအိမ်တစ်ချို့ပျက်စီးတာ ရှိတယ်။ ဘုန်းကြီးကျောင်း ပျက်စီးတာရှိတယ်လို့ သတင်းတော့ရရှိတယ်။ အတိအကျတော့ မရရှိသေးဘူး။လို့ ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်ပုံတွေထဲမှာ အသက်ဆုံးရှုံးသွားရတဲ့အထဲ အသက်မပြည့်သေးသူ ကလေးသုံးဦးပါရှိတာကို တွေ့ရှိရပါတယ်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲက အထက်ပါ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗန်းမော်မြို့ဘက်မှာ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက်က အခုလို လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဟူးကောင်းဒေသ ၊ တနိုင်းမြို့နယ်အတွင်းက Tsan lun ရွှေမှော်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here