တရုံချောင်းတံတားအနီး စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်

630
စစ်ကောင်စီတပ်ဖွဲ့

ဇူလိုင်၊၁၂

ကချင်ပြည်နယ်၊ တနိုင်းမြို့ တရုံချောင်းတံတားထိပ်နားမှာ  ခြေလျင်စစ်ကြောင်းနဲ့ တောလမ်းကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းတို့ကနေ မနေ့ကညနေ (၆)နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာဇူလိုင်(၉)ရက်နေ့က တနိုင်းမြို့ဘက်ကနေ ပိန္နက်ကျေးရွာဘက် ခြေလျင် ဝင်ရောက်ခဲ့ပြီး ညတွင်းချင်း တောထဲကို စစ်ကြောင်းပြန်လည် ချီတက်သွားရာကနေ ဇူလိုင်လ(၁၁)ရက်နေ့ညနေပိုင်းတရုံဘက် ပြန်လာချိန် မိုင်းဆွဲခံရတာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုအခုလို ပြောပါတယ်

“မနေ့ည(၆)နာရီခွဲလောက်မှာ တရုံချောင်းတံတားထိပ်မှာ မိုင်းဆွဲတိုက်ခိုက်တာ။ (၄)လုံးလောက်ရှိမယ်”လို့ သူကဆိုပါတယ်။

အဲဒီ စစ်‌ကောင်စီစစ်ကြောင်းဟာ လူအင်အား(၇၀)ထက်မနည်းရှိပြီး မိုင်းဆွဲတိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိသူ ရှိတယ်လို့လည်း အထက်ပါ သတင်းအရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိအချိန် တရုန်ကျေးရွာမှာ တစ်ညတာ စခန်းချပြီး‌နောက် ဒီကနေ့မနက်ပိုင်း(၄)နာရီလောက်မှာ ခလုံးတပ်စခန်းဘက် စစ်ကြောင်းပြန်လည် ထွက်ခွာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၉)ရက်‌နေ့က တရုန်ချောင်းအကျော်မှာ  ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းတို့ကနေ စစ်ကောင်စီ ခြေလျင် တပ်သားတွေကို  မိုင်းဆွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် တနိုင်းမြို့နယ်၊ တဝမ်ချောင်း တံတားထိပ်နားမှာ တောလမ်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မေလ(၂၂)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ စစ်ကြောင်းမှူးအပါ (၄)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ(၇)ဦးအထိ ရှိခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here