မတ်၊၄
ဖားကန့်မြို့ နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန်ကျေးရွာက နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို ဒီကနေ့မနက် ၈ နာရီခွဲခန့်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်တွေကို မီးရှို့တဲ့ စစ်ကောင်စီတပ်တွေဟာ တာမခန်ကျေးရွာက ဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့အချိန် KIA၊KPDFပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မနေ့က တာမခန်ရွာကို မီးရှို့တဲ့ စစ်ကောင်စီတပ်တွေ တာမခန် ဘုန်းကြီးကျောင်းမှာ ဝင်နေတဲ့အချိန် KIAနဲ့ KPDFတွေ သွားဝိုင်းပြီး တိုက်နေကြတယ် အခုလည်း တိုက်နေကြတယ်။ “လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စီကနေ တာမခန်ကျေးရွာကို လေယာဉ်နှစ်စီးနဲ့ မနက် ၁၀ နာရီခန့်က လာရောက်ပစ်ကူပေးခဲ့တယ်လို့လည်း သိရပြီး တာမခန်ကျေးရွာက နေအိမ်တွေကို ကသိုင်းတောင်က စစ်ကောင်စီတပ်သား (၈၀)ကျော် စစ်ကူရောက်လာပြီး မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖားကန် စစ်ကောင်စီတပ်မကုန်းကနေလည်း တာမခန်ဘက်ကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး မော်ဝမ်းကျေးရွာက နေအိမ်တစ်လုံးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ လူအထိအခိုက်တော့ မရှိဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ မတ်လ ၃ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ နန့်မှော်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ထားတဲ့ မပေါက်ကွဲသေးတဲ့ ၆၀ မမ လက်နက်ကြီးကျည်ကို ကျောက်ခဲနဲ့ ထုရာကနေ ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။
တာမခန့်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ လေကြာင်းအပြင်းအထန်ခုခံနေတဲ့ ကြားကနေ စစ်တပ်ကုန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အလုံးစုံသိမ်းပိုက်ရရှိတာတော့ မရှိသးပါဘူး။







