ကံဆီးကျေးရွာက လက်နက်တင်ပြီးဆင်းလာတဲ့ စစ်ကောင်စီကားကို KIA၊KPDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၁ ဦးကို အရှင်ဖမ်း

207
ဓါတ်ပုံ- ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်သားများ ကင်းလှည့်နေစဉ်။(ပုံဟောင်းဖြစ်ပါသည်)

 

ဇန်နဝါရီ၊၉

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာကနေ လက်နက်တွေတင်ပြီး ဆင်းလာတဲ့ စစ်ကောင်စီကားကို ဒီကနေ့မနက် ၉ နာရီခွဲလောက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်သား ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ကံဆီးစစ်ကောင်စီစခန်းကနေ လက်နက်တွေသယ်ပြီး ဆင်းလာတဲ့ စစ်ကောင်စီကားကို မှော်ပုံကျေးရွာ မရောက်မီမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားမောင်းသူ သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကံဆီးစစ်တပ်ကနေ ထွက်လာတာ။ မှော်ပုံရောက်ခါနီးမှာ KIA တွေ ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

KIAက ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီစစ်သား ၁၁ ဦးထဲမှာ အမျိုးသမီးနှစ်ဦးပါဝင်ပြီးတော့ စစ်ကောင်စီတပ်က ဖိုးဝှီးနှစ်ခန်းတွဲကားနဲ့ ငါးထည့်တဲ့ ရေခဲပုံးထဲမှာ သေနတ်တွေသယ်ပြီး ကံဆီးကနေ ဆင်းလာတဲ့အချိန် KIA က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၉ နာရီခွဲခန့်ကလည်း လုံးခင်း ယမ်းချက်စက်ရုံမှာရှိတဲ့ စစ်ကောင်စီတပ်ကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီး ကျောက်ဖျာကျေးရွာ အနောက်ဘက်မှာ တစ်လုံးကျတယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်း နန့်တိန်းကျေးရွာမှာလည်း ဒီကနေ့မနက် ၇ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDFတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာနဲ့ ဝှေခါကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDFတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့နဲ့ဆို ၄ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here