ဖားကန့်မှာ စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်

204

 

ဇန်နဝါရီ၊၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်တွေကနေ ဒီကနေ့မနက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဝှေခါစစ်ကောင်စီစခန်းကို ဒီကနေ့မနက် ၅ နာရီလောက်က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၇ နာရီခွဲခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံး ကြဲတာ (၃)ခါလောက်ရှိပြီ။ နှစ်ဖက် ပစ်နေကြတုန်းပဲ “လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

စစ်ကောင်စီဝှေခါကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖားကန့် ဗျူဟာကုန်းကနေလည်း ဝှေခါဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေပြီး စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကကျည်ဟာ အေးမြသာရပ်ကွက်ဘက်ကျတဲ့အချိန် ရေမဆေးအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ခုနက ပစ်လိုက်တဲ့ဟာ ကျွန်မတို့ ဘောလုံကွင်းမှာ လာကျတယ်။ အဲဒီမှာ ရေမဆေးရှာနေတဲ့တစ်ယောက်မှာ လာထိပြီး အကုန်လုံး တစ်စစီ ကြေမွသွားတယ်တဲ့။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်

ဒါ့အပြင် မြစ်ကြီးနား-ဖားကန့် လမ်းပေါ် မှာရှိတဲ့ နန့်တိန့်ကျေးရွာက စစ်ကောင်စီစခန်းကိုလည်း KIA၊KPDF ပူးပေါင်းတပ်တွေကနေ ဒီကနေ့ မနက် ၆ နာရီမှာ သွားတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here