စက်တင်ဘာ၊၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာက ကျောက်စိမ်းကုမ္ပဏီဝင်းတစ်ခုမှာ ဒီကနေ့မနက် ၁၁ နာရီခွဲအချိန်က စစ်ကောင်စီက ဝင်ရောက်စစ်ဆေးချိန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်(၁)မှာရှိတဲ့ KNDPC ကုမ္ပဏီကို အခွန်မပေးတဲ့အတွက် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး KIA ဘက်က လက်နက်ကြီး (၄)ချက်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ နှစ်ဖက်အထိအခိုက်တော့ မရှိဘူးလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ အဓိကတော့ သူတို့အခွန်မထည့်ပေးလို့ မျှော်စင်တွေ ဘတ်ဖိုးနဲ့အားလုံး ဖျက်ဆီးပေးလိုက်ကြတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့လည်းကြောက်လန့်ပြီး မိုးပေါ်ထောင်ပစ်တာတော့ ရှိတယ်။” လို့ အထက်ပါ ဒေသခံအမျိုသားက ပြောပါတယ်။
အခွန်မဆောင်တာကြောင့် စစ်ကောင်စီက ဝင်ရောက်စစ်ဆေးခဲ့တာလို့ ပြောနေကြပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။
စစ်ကောင်စီတပ်သားတွေဟာ ကားသုံးစီးနဲ့ ကုမ္ပဏီဝင်းမှာ သွားရောက်ဖမ်းဆီးဖို့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်က မနက် ၉ နာရီကနေ KNDPC ကုမ္ပဏီဝင်းမှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး KIA ဘက်က လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ အထိအခိုက်တော့ မသိရသေးဘူးလို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မှော်စီစာက ကျောင်းတွေ အစောကြီးပိတ်လိုက်တဲ့အတွက် ကလေးတွေကို သွားကြိုခဲ့ရတယ်လို့ မှော်စီစာကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းတဲ့နောက် ဖားကန့်မြို့နယ်က ကျောက်စိမ်းကုမ္ပဏီဝင်းတွေမှာ စစ်ကောင်စီကနေ မကြာခဏ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ငွေကြေးတောင်းခံမှုတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။