စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ Lucky Men ဟိုတယ်ကို KIA၊PDF ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်

113
ယနေ့မနက်ပိုင်းက မီးလောင်နေသည့် Lucky Men hotel ကို အဝေးမှရိုက်ကူးထားစဉ်။

 

အောက်တိုဘာ၊၈

စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ ဖားကန့်မြို့နယ်၊ ဆိပ်မှုကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်က Lucky Men ဟိုတယ်ထဲကို ဒီကနေ့မနက် ၄ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီအင်အား(၂၀)ကျော်ခန့်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

Lucky Menကို KIA တွေ သိမ်းလိုက်ပြီ။ အယောက် ၂၀ ကျော် အဖမ်းခံရတယ်။ တပ်ရင်းမှူးလည်းပါတယ်။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီတပ်ဘက်က ၁၀ အယောက်ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အထက်ပါဟိုတယ်ထဲမှာ စစ်ကောင်စီတပ်အင်အား ၄၀ လောက်တပ်စွဲနေတာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေက တစ်ဆက်တည်း တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေလည်း Lucky Men ဟိုတယ်ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရလည်း ဒီကနေ့မနက်ပိုင်းက KIA ပူးပေါင်းတပ်ကနေ Lucky Men ဟိုတယ်ကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Lucky Men ဟိုတယ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဟိုတယ်က ဝန်ထမ်းအမျိုးသမီးအချို့ကို ဖမ်းဆီးထားပြီး လွှတ်ပေးတာမရှိဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပြီး ထပ်မံအတည်ပြုနိုင်တာတော့ မရှိပါဘူး။

အထက်ပါအကြောင်းအရာတွေနဲ့ သတင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်နေဆဲလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်းတောင်ရပ်ကွက်/ကျေးရွာ အနီးက ယူမာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

စက်တင်ဘာလ စက်တင်ဘာလ ၇ ရက်နေ့မှာတော့ ဆိုင်းတောင်ကျေးရွာက KIA တပ်သားတွေရှိနေတဲ့ Lucky Men ဟိုတယ်ကို စစ်ကောင်စီ အင်အား ၁၀၀ ခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး KIA တပ်သား အချို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်၊

အဲဒီနောက် စက်တင်ဘာလ ၁၂ ရက်နေ့က ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီရဲကုန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားက ဆိုင်းတောင်ကျေးရွာက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here