ဆယ်စုနှစ်တစ်ခုကြာ လက်လွှတ်ခဲ့ရတဲ့ ခယာဘွမ်တပ်စခန်းကုန်းကို KIA ပြန်လည်သိမ်းပိုက်

277

 

မတ်၊၉

ဆယ်စုနှစ် တစ်ခုကြာလက်လွှတ်ခဲ့ရတဲ့ ခယာဘွမ်တပ်စခန်းကုန်းကို KIA ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

စစ်ရေးအရ အရေးပါတဲ့ ခယာဘွမ်စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ထိုးစစ်သုံးရက်မြောက်နေ့ ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

“ခယာတောင်ဟာ လိုင်ဇာဘက် အချိန်ပြည့် ဒုက္ခပေးနေတဲ့ လက်နက်ကြီး ပစ်ခတ်ပေးနေတဲ့ စစ်တပ်စခန်းပေါ့။ ၂၀၁၃ ခုနှစ် လောက်တုန်းက ကျွန်တော်တို့ လက်လွှတ်လိုက်ရတဲ့ စခန်းပေါ့။ အဲဒါကို ပြန်သိမ်းယူနိုင်ခဲ့တာပေါ့။”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ခယာတောင်ဟာ လိုင်ဇာဌာနချုပ်ရဲ့အနီးမှာ တည်ရှိတာဖြစ်ပြီး အလျဲန့်တောင်နဲ့ မျက်နှာချင်းဆိုင်က တပ်စခန်းကုန်းဖြစ်ပါတယ်။

KIA နဲ့ စစ်ကောင်စီတို့တိုက်ပွဲတွေ ဖြစ်ပွွားတိုင်း အဲဒီတောင်ကုန်းကနေ လိုင်ဇာမြို့ကို အမြဲလိုလိုလက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်နေတဲ့ စခန်းကုန်းကြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လဂျားယန်ကျေးရွာအနီးက လိုင်ဇာနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ မဆဲန်(မ်)တောင်(Masen bum)စစ်ကောင်စီတပ်စခန်းကိုလည်း ဒီကနေ့မနက် အပြီးသိမ်းနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

KIA ကနေ မတ်လ ၇ ရက်နေ့ မနက် ၆ နာရီအချိန်ကတည်းက လိုင်ဇာဌာနချုပ်အနီးက တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ကတပ်စခန်းတွေကို တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဆွမ်ပရာဘွမ်မြို့ဘက်မှာလည်း စစ်ကောင်စီစခန်းတစ်ခုကို မနေ့က သိမ်းပိုက်ထားပြီး အထက်ပါ ခယာဘွမ်စခန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်း ကြီး/ငယ် ၁၀ ထက်မနည်းကို ထိုးစစ် ၃ ရက်အတွင်း သိမ်းပိုက်ထားလိုက်ပါပြီ။

KIA ရဲ့ ထိုးစစ်တွေကို စစ်ကောင်စီကနေ လေကြောင်းနဲ့ပါ အပြင်းအထန်ခုခံတိုက်ခိုက်နေပြီး အဲဒီလို ခုခံနေတဲ့ကြားကပဲ KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကနေ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here