နှစ်သစ်ကို စခန်းသိမ်းတိုက်ပွဲတွေနဲ့ အစပြုနေတဲ့ KIA

537

စစ်ကောင်စီတပ်ကနေ အာဏာသိမ်း ၃ နှစ်အထိ ရှိလာပေမဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ အကြား တိုက်ပွဲတွေတော့ ရပ်တန့်သွားတာမျိုး မရှိသေးဘဲ ၂၀၂၄ ခုနှစ် စတင်တဲ့အချိန်မှာပဲ KIA ဘက်က စခန်းသိမ်းတိုက်ပွဲတွေ ပိုမိုဆင်နွှဲလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း KIA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားပေါင်း ၅၆၃ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်း ကြီး/ငယ်ပေါင်း ၂၃ ခု သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ကနေ မိမိသဘောနဲ့ တပ်ဆုတ်သွားတဲ့ စခန်း ၈ ခုလောက်အထိရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၆၂၁ ကြိမ်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၅၀၄ ကြိမ် ရှိခဲ့တာကြောင့် ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁,၇၀၀ နီးပါးလောက် ရှိခဲ့ပါတယ်။

ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတဲ့ ကာလတွေမှာတော့ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားတာမျိုးမရှိပေမဲ့ တရုတ်ကြားဝင်စေ့စပ်မှုနဲ့ ရှမ်းမြောက်မှာ အပစ်ရပ်ပြီးတဲ့နောက် ဒီနှစ်ဆန်းပိုင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေကို ခပ်စိပ်စိပ်မြင်လာရတာပါ။

စစ်ပွဲကာလအတွင်း ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ လုံခြုံတဲ့နေရာတွေ ပြုလုပ်ထားဖို့ လိုအပ်သလို လက်ရှိအချိန်ဟာ ပြည်သူတွေရဲ့ အားဖြည့်ပါဝင်မှု လိုအပ်နေပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

” လေယာဉ်နဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာတွေမှာ မထိခိုက်အောင် အချိန်ပြည့် သတိထားရမယ်။ စစ်ပွဲကာလမှာ ကိုယ့်မိသားစုဝင်အားလုံး လုံလုံခြုံခြုံနေထိုင်ဖို့ လုပ်ရမယ်လို့ အားလုံးကို ခွန်အားပေးချင်တယ်။”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ အာဏာရှင်စနစ်ကျရှုံးအောင် အားစိုက်တိုက်ခိုက်နေတဲ့အတွက် နေရာအနှံ့တိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ ဗိုလ်မှူးကြီးနော်ဘူက တစ်ဆက်တည်းမှာပဲ သတိပေးပြောကြားပါတယ်။

” နေရာအနှံ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သတိထားရမယ်။ စစ်ရေးအခြေအနေ သတင်းတွေကို နားစွင့်ဖို့လည်း အရေးကြီးပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်း ၃ ရက်နေ့မှာတင် KIA ရဲ့ ရှေ့တန်းစခန်းတစ်ခုကနေ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးက နာဖော့တောင်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စင်းကို ပစ်ချခဲ့ပြီး ၂၄ ရက်နေ့မှာတော့ တပ်စခန်းကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုထားပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မန်ဝိန်းကြီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ လောက် အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ကို KIA ကနေ သိမ်းပိုက်ခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလဆန်း ၆ ရက်နေ့ကနေစပြီး (KIA)၊KPDF ပူးပေါင်းတပ်တွေကနေ ထိုးစစ်ဆင်ခဲ့ပါတယ်။

ထိုးစစ်ဆင်ပြီး နှစ်ပတ်ကျော်အကြာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ဝှေခါစခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဝှေခါကျေးရွာဘက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့မှာပဲ မြစ်ကြီးနား-ဖားကန့် လမ်းပေါ် မှာရှိတဲ့ နန့်တိန့်ကျေးရွာက စစ်ကောင်စီစခန်းကိုလည်း KIA၊KPDF ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဝှေခါကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့အတွက် ဒေသခံတွေဟာ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်ဘက်မှာ ဒီကနေ့အထိ စစ်ရှောင်နေကြရဆဲ ဖြစ်ပါတယ်။

“ဒီနှစ်က အရမ်းပြောင်းလဲသွားပြီ။ အရင်နှစ်ကလို မဟုတ်တော့ဘူး။ မထင်မှတ်ထားတဲ့ နေရာမှာလည်း ပစ်ခတ်လာကြတာ။ အားလုံးရဲ့ စိတ်ထဲမှာတော့ ဘယ်သူမဆို အချိန်မရွေး စစ်ဘေးရှောင် ဖြစ်လာနိုင်တယ်” ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့ဘက်မှာသာမက KIO ဌာနချုပ်လိုင်ဇာသွားရာ လမ်းဖြစ်တဲ့ ဝိုင်းမော်- လိုင်ဇာလမ်းပေါ်က ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက တပ်သားတွေနဲ့ ဆမားလမ်းခွဲဘက်က KIA တပ်ဖွဲ့တွေ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေပြီး ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်မှာတော့ မံစီမြို့နယ်က စစ်ကောင်စီရဲ့ ကိုက်ထစ်စခန်းနဲ့ တနိုင်းမြို့နယ်၊တလူးကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် မိုးကောင်းမြို့နယ်က နမ်ရှမ်စစ်ကောင်စီ တပ်စခန်းကလည်း သူ့သဘောနဲ့သူ နောက်ဆုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ရွှေညောင်ပင်ကျေးရွာမှာရှိတဲ့ ၃၂၁ စစ်ကောင်စီတပ်စခန်း အနီးတစ်ဝိုက်မှာလည်း နှစ်ဖက်တပ် ပစ်ခတ်မှုတွေ မကြာမဏဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု စုပေါင်းတိုက်ပွဲဝင်လိုက်တာကြောင့် စစ်ကောင်စီက စစ်ရှုံးနေပြီး အခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ထူးခြားတဲ့ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၂၄ ခုနှစ်

နှစ်သစ်ကူးမိန့်ခွန်း ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်နိုင်မှုရလဒ်ဟာ သိသာထင်ရှားနေပြီး တစ်နိုင်ငံလုံး နေရာအနှံ့အပြား တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စုပေါင်းတိုက်ပွဲဝင်လိုက်တဲ့အချိန် စစ်ကောင်စီတပ်ဟာ ရပ်တည်နိုင်စွမ်းမရှိတော့ဘဲ စစ်ရှုံးနေပြီဆိုတာကို မြင်တွေ့ရတယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက တစ်ဆက်တည်း ပြောကြားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here