၂၀၂၄ ခုနှစ်အတွင်း ထူးခြားတဲ့ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်တယ်လို့ (KIO/KIA)ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြော

271

 

ဇန်နဝါရီ၊ ၁

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု စုပေါင်းတိုက်ပွဲဝင်လိုက်တာကြောင့် စစ်ကောင်စီက စစ်ရှုံးနေပြီး အခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ထူးခြားတဲ့ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်နိုင်မှုရလဒ်ဟာ သိသာထင်ရှားနေပြီး တစ်နိုင်ငံလုံး အနှံ့အပြား တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စုပေါင်းတိုက်ပွဲဝင်လိုက်တဲ့အချိန် စစ်ကောင်စီတပ်ဟာ ရပ်တည်နိုင်စွမ်းမရှိတော့ဘဲ စစ်ရှုံးနေပြီဆိုတာကို မြင်တွေ့ရတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ညက စစ်ကောင်စီကနေ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူအများအပြား အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို တိုက်ခိုက်တာဟာ လူသားချင်းစာနာမှုစိတ် လုံးဝမရှိတဲ့ အကြမ်းဖက် လုပ်ရပ်ဖြစ်တဲ့အပြင် အဲဒီအဖြစ်အပျက်ကြောင့် စစ်ကောင်စီကို တစ်ကမ္ဘာလုံးကနေ ကန့်ကွက် အပြစ်တင်နေကြပြီလို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကို သတ်ဖြတ်ချေမှုန်းနေသလို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ပြည်သူတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်နေတယ်လို့လည်း ဖော်ပြပါတယ်။

အခုလိုမျိုး အကြမ်းဖက်လုပ်ရပ်ဟာ စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေ ပျက်စီးကျရှုံးတော့မယ့် အရင်းအမြစ် ဖြစ်နေပြီဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်နေသူတွေအနေနဲ့ ခက်ခဲမှုတွေ ကြုံလာရနိုင်ပြီးတော့ ဘယ်လိုအခက်အခဲကိုမဆို ခံနိုင်ရည်ရှိပြီး ကျော်ဖြတ်နိုင်ရမယ့်အပြင် ကြောက်လန့်ပြီး လက်မြောက်အရှုံးမပေးဖို့ကိုလည်း တစ်ဆက်တည်းမှာပဲ ပြောကြားလိုက်တာပါ။

တော်လှန်ရေး အဆုံးသတ်အောင်နိုင်မှုရအောင် တော်လှန်ရေးအဖွဲ့အချင်းချင်း နားလည်မှုနဲ့ ဘုံရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ အားစိုက်တိုက်ခိုက်သွားဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား လူမျိုးစု တစ်ခုနဲ့ တစ်ခုကြားမှာ ဖြေရှင်းရခက်တဲ့ ပြဿနာတွေ မဖြစ်အောင် သတိထားဖို့ကိုလည်း ဗိုလ်ချုပ်အင်ဘန်လ တိုက်တွန်းပြောဆိုပါတယ်။

ပင်ပန်းဆင်းရဲမှုတွေလည်း ကြုံလာရနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ အရှုံးမပေးဘဲ ကျော်လွှားကြဖို့နဲ့ စည်းလုံးမှုကို ပျက်ပြားအောင် ရန်သူဘက်က စီစဉ်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ရှောင်ကြဉ်ကြဖို့ သတိပေးလိုက်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here