ဖေဖော်ဝါရီ၊၅
လူငယ်တွေအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလိုတယ်လို့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ကျရောက်တဲ့ ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အရေးအတွက် အမျိုးသားရေးနဲ့ နိုင်ငံရေးမှာ ကြီးမားတဲ့အင်အားကို တည်ဆောက်ယူပြီး ဆက်လက်ကြိုးစားသွားမှာ ဖြစ်တာကြောင့် အဲဒီနေရာတွေမှာ လူငယ်တွေကို တာဝန်ယူစေချင်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံအများပိုင်း တိုးတက်ပြောင်းလဲလာဖို့အတွက် လူငယ်တွေရဲ့ အင်အားဟာ အရေးကြီးဆုံးဖြစ်ပြီး တော်လှန်ရေးလုပ်ငန်းတွေမှာလည်း လူငယ်တွေရဲ့ အင်အားဟာ အရေးကြီးဆုံးအရာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်က ပြောပါတယ်။
“များပြားတဲ့စစ်အင်အားကို တွန်းလှန်နိုင်ဖို့အတွက် တော်လှန်ရေးတပ်စခန်းတွေမှာ အသက်ရွယ်ရှိတဲ့ လူငယ်တွေ အင်တိုက်အားတိုက်နဲ့ ပါဝင်ဆပ်ကပ်သွားဖို့က အခုအချိန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့လိုလားအပ်တဲ့ ပန်းတိုင်ရောက်အောင် ကြိုးစားလာတဲ့ တော်လှန်ရေးလုပ်ငန်းမှာ ဒီကနေ့ရဲ့ လူငယ်တွေအားလုံးပါဝင် တာဝန်ယူစေချင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောကြားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေအတွင်း ကိုယ့်ရပ်ရွာဒေသကို ကိုယ်တိုင်ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားသင့်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ သူ့ရဲ့စစ်အင်အားကြီးထွားလာဖို့အတွက် မျိုးနွယ်စုတွေသာမက ဒေသတွင်းမှာလည်း ပြည်သူ့စစ်တပ်ဖွဲ့တွေကို ဆက်တိုက်ဖွဲ့စည်းလာတဲ့အထဲ ပြည်သူလူထုတွေ ဘယ်သူမှမပါဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကို အသစ်တစ်ဖန် ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အချိန်ကျရောက်လာပြီဖြစ်ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံး စုပေါင်းတိုက်ခိုက်နေပြီ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဟာ တစ်နေ့ထက်တစ်နေ့ ကျရှုံးလာပြီဖြစ်တဲ့အပြင် တပ်သားတွေလည်း စိတ်ဓာတ်ပျက်ပြားနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် ရုတ်သိမ်းပြီးတဲ့နောက် နိုင်ငံကို ဘယ်လိုထိန်းသိမ်း တည်ထောင်သွားမယ်ဆိုတာ အရေးကြီးမေးခွန်းဖြစ်သလို နိုင်ငံရေးတည်ငြိမ်တာနဲ့ နိုင်ငံရေးဆွေးနွေးအဖြေရှာတဲ့ အစည်းအဝေးလုပ်ပြီး အားလုံးမျှော်လင့်တောင်းတတဲ့ နိုင်ငံတည်ထောင်ရေးကို တက်လှမ်းသွားရမယ်လို့လည်း ဆိုပါတယ်။
ပြန်လည်ထူထောင်ရေးပိုင်းမှာလည်း ကိုယ်နဲ့သက်ဆိုင်တဲ့နေရာတွေကို
ပြည်သူလူထု လုံခြုံရေး၊ ငြိမ်းချမ်းစွာနေထိုင်ရေး၊ တရားဥပေဒေ စိုးမိုးမှုနဲ့ အုပ်ချုပ်ရေးအပိုင်း ကိုယ်နဲ့သက်ဆိုင်တဲ့နေရာတွေကို ကိုယ်ကိုယ်တိုင် တာဝန်ယူလုပ်ဆောင်ဖို့ အရေးကြီးဆုံးဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားပါတယ်။
“ဒီကနေ့အချိန်မှာ ကိုယ့်နယ်မြေတွေကို ကိုယ့်လူမျိုး၊ ကိုယ့်ဒေသက လူတွေကိုယ်တိုင် ထိန်းသိမ်းနိုင်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်းဟာ စစ်ရေး၊ နိုင်ငံရေး နည်းလမ်းအမျိုးမျိုးနဲ့ အားစိုက်ထုတ်နေတာလည်း ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
အမျိုးသားလွတ်မြောက်ရေးကို ကိုယ်နဲ့မဆိုင်သလို ခံယူထားတဲ့လူတွေ များလာတာ၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေမဲ့ အဖွဲ့အစည်းတည်ထောင်တာများလာတာ၊ မိမိရပ်ရွာကို ကာကွယ်ထိန်းသိမ်းလိုတဲ့စိတ် လျော့လာတာ၊ တော်လှန်ရေးစိတ်ဓာတ်မရှိလာတာ၊ ဒီလို လုပ်ရပ်တွေကြောင့် အမျိုးသားလွတ်မြောက်ရေးလုပ်ငန်းစဉ်ဟာ အောင်မြင်သင့်သလောက် မအောင်မြင်တာကို တွေ့ရတယ်လို့လည်း တစ်ဆက်တည်းထည့်သွင်းပြောကြားပါတယ်။
မြန်မာနိုင်ငံကို အုပ်ချုပ်လာတဲ့ အစိုးရအဆက်ဆက်ဟာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ကျင့်သုံးပြီး အုပ်ချုပ်ခဲ့တဲ့အတွက် တိုင်းရင်းသားလူမျိုးစုတွေသာမက ဗမာလူမျိုးတွေလည်း ဖိနှိပ်ခံနေရတာ ဖြစ်တာကြောင့် အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက် ဆန့်ကျင်တော်လှန်တဲ့အထဲမှာ အခုနွေဦးတော်လှန်ရေးဟာ အကြီးမားဆုံး တော်လှန်ရေးဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။







