
ဇွန်၊၉
တော်လှန်ရေးကာလဖြစ်တာကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ ကြိုတင်သတိထားကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ တစ်ကျော့ပြန်တိုက်ပွဲ ၁၂ နှစ်ပြည့်နေ့မှာ ပြောကြားပါတယ်။
“တိုက်ပွဲဖြစ်ပြီး စစ်ရှောင်တာ ဒီနေ့ ၁၂ နှစ်ပြည့်ပြီ။ အခုလည်း တိုက်ပွဲတွေ လုံးဝမဖြစ်တော့ဘူးလို့ ဘယ်သူမှလည်း အာမခံပြီး မပြောနိုင်ဘူး။ စစ်ရှောင်တာ ကာလရှည်သွားတဲ့အတွက် အဖက်ဖက်မှာ အခက်အခဲ ကြုံနေရတဲ့အတွက် KIO ထိန်းချုပ်မှုအောက်မှာ ရှိတဲ့သူတွေကိုတော့ ကိုယ့်နေရပ်ကို ဖြစ်နိုင်တဲ့နည်းနဲ့ ပြန်ပြီး လယ်လုပ်တာကို အဓိကထားရအောင်။ နေအိမ်ဆောက်တာတွေကိုတော့ ဒုတိယအနေနဲ့ စဉ်စားရအောင်လို့ အကြံပေးချင်တယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်အတွင်းက စစ်ရှောင်ခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ အခက်အခဲတွေကြားက ရှောင်တိမ်းနေရတာ ၁၂ နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး KIOထိန်းချုပ်နယ်မြေထဲက စစ်ရှောင်ပြည်သူတွေကိုတော့ မိမိနေရပ်ပြန်ပြီး လယ်ယာလုပ်ငန်း အဓိကထား လုပ်ကိုင်ဖို့ အကြံပြုလိုတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာတွေရှိတဲ့အတွက် အခက်အခဲကြုံနေရတာကို ကြားသိရတဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။
“စစ်ကောင်စီ ထိန်းချုပ်တဲ့ဘက် ရှောင်တိမ်းတဲ့သူတွေကိုတော့ စစ်ကောင်စီတပ်ကနေ မပြန်မနေရ မောင်းထုတ်တာတွေ ကြားရတယ်။ သူတို့အတွက် အခက်အခဲတွေ အများကြီး ရှိမှာပဲ။ တော်လှန်ရေး ခရီးကို စဉ်းစားကြည့်တဲ့အခါ လွတ်လပ်ရေးမရသေးတဲ့အတွက် စစ်ရှောင်တာတွေလိုမျိုး အခက်အခဲက ဆက်ပြီးတော့လည်း ကြုံရလာနိုင်တယ်ဆိုတာ ကြိုတင်ပြီး သတိဝီရိယထားတာက အဓိက ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
မိမိနေရပ်ကို ပြန်လည်နေထိုင်ဖို့ အဆင်မပြေသေးတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ လက်ရှိနေထိုင်နေတဲ့ ရပ်ရွာမှာ ခြံရှာပြီးနေထိုင်ဖို့ အကြံပေးထားတာ ရှိသလို KIO အနေနဲ့လည်း စစ်ရှောင်ပြည်သူတွေအတွက် သီးသန့် ရွာသစ်တည်ထောင်ပေးပြီး ပြန်လည်နေရာချထားရေးတွေ လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မြန်မာစစ်တပ်တို့တစ်ကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ပြည်သူတစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။