နိုဝင်ဘာ၊၁၅
လွိုင်ကော်တက္ကသိုလ်က Non CDM နဲ့ မိသားစု စုစုပေါင်း ၁၇၀ ယောက်ကို ကယ်ထုတ်ထားပြီးဖြစ်သလို သူတို့ရဲ့ လုံခြုံရေးအတွက် ဘေးကင်းလုံခြုံစွာ ထားရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်ဘီထူးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒါအပြင် သတင်းပြန့်နေတဲ့ တက္ကသိုလ်ပါမောက္ခချုပ်ကို သတ်လိုက်တယ်ဆိုတာတွေဟာလည်း မှန်ကန်မှုမရှိတဲ့ သတင်းတွေဖြစ်တယ်လို့ ခွန်ဘီထူးက ပြောပါတယ်။
” အဓိကကတော့ Non CDM ၁၂၀ ကျော် နဲ့ သူတို့ရဲ့ မိသားစုဝင် အားလုံးပေါင်း ၁၇၀ က လွိုင်ကော်ဝင်းထဲမှာ စစ်သားတွေနဲ့ တူတူပိတ်မိတယ်။ တိုက်ပွဲပြင်းထန်ရင်းနဲ့ နောက်တော့ သူတို့ကို တက္ကသိုလ်အနောက်ဖက်ကနေ ထုတ်လာခဲ့တယ်။ Non CDM ဖြစ်လို့ ဖမ်းတာတော့မဟုတ်ဘူး။ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက သူတို့လုံခြုံရေးပါ။ သူတို့တွေကို တချို့လူတွေက အားမရခဲ့တာတွေ၊ နောက် Non ဖြစ်နေလို့ အပြစ်ပေးအရေးယူလိုတာတွေ ရှိတဲ့အတွက် အုပ်ချုပ်ရေးဖက်ကနေ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မူဝါဒတွေအတိုင်းလုပ်ဖို့ပေါ့။ အဲဒါတွေပြီးရင်တော့ လွတ်လွတ်လပ်လပ် နေလို့ရမှာပါ။ ပြီးတော့ သေဆုံးတာမရှိပါဘူး။ သတင်းတွေ ပြန့်နေတာက တက္ကသိုလ်ပါမောက္ခချုပ်ကို သတ်လိုက်တယ်ဆိုတဲ့ဟာတွေပေါ့နော်။ အဲဒါတွေအားလုံးက မမှန်ပါဘူး ” လို့ ခွန်ဘီထူးက ဆိုပါတယ်။
လတ်တလောမှာတော့ လွိုင်ကော်တက္ကသိုလ်က ကယ်ထုတ်ထားတဲ့ Non CDM တွေကို လူသားချင်းစာနာထောက်ထားရေး လူအခွင့်ရေးတွေနဲ့အညီ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC) အောက်မှာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
လွိုင်ကော်တက္ကသိုလ်ဝင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KNDF က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးခဲ့ပြီးတော့ ၃၂ ယောက် လက်နက်ချအညံခံခဲ့တယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
Photo- IEC







