ဒီဇင်ဘာ၊၂
ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ စက်သုံးဆီကို ပူတာအိုဘက်ကနေ အလုံးအရင်း ဝယ်ယူလို့ မရတာကြောင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်နေတယ်လို့ သိရပါတယ်။
နောင်မွန်မြို့မှာ ဒီရက်ပိုင်းအတွင်း တစ်လီတာမပြည့်တဲ့ ဓာတ်ဆီပုလင်းသေးတစ်လုံးကို ကျပ်တစ်သောင်းငါးထောင်အထိ မြင့်တက်လာပြီးတော့ လိုသလောက်ဝယ်ယူရရှိဖို့လည်း ခက်ခဲ သွားတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဝယ်စရာ နေရာလည်း မရှိသလောက် ဖြစ်သွားပြီ။ ပူတာအိုမှာ ပေပါလိုက် မရောင်းဘူးတဲ့။ရောင်းတဲ့သူတွေ ပေပါလိုက် မဝယ်နိုင်တော့ ဈေးတက်တာပေါ့။ အခု ပိုတက်လာမယ့်သဘောရှိတယ်။” လို့ ဆိုပါတယ်။
ပူတာအိုမြို့ဘက်ကနေ စက်သုံးဆီတွေကို ပေပါလိုက်ဝယ်ယူလို့ မရတဲ့အတွက်ကြောင့် အခုလို ဈေးမြင့်တက်လာတာဖြစ်သလို တချို့စက်သုံးဆီရောင်းတဲ့ ဆိုင်တွေဆိုရင် ရောင်းချတာလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။
အခုလို တစ်ပုလင်း ကျပ်တစ်သောင်းခွဲထိ မတက်ခင် လွန်ခဲ့တဲ့ရက်တွေကလည်း တစ်လီတာမပြည့်တဲ့ ဓာတ်ဆီ ပုလင်းတစ်လုံး ကျပ်တစ်သောင်းဝန်းကျင်ဈေးရှိခဲ့တယ်လို့ သိရပါတယ်။
စက်သုံးဆီသာမက တခြားကုန်ပစ္စည်းတွေကလည်း ဈေးမြင့်တက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ပူတာအိုမှာ တစ်အိတ် ကျပ်တစ်သိန်းခွဲရှိတဲ့ ဆန်တစ်အိတ်ကို နောင်မွန်မှာ တစ်သိန်းရှစ်သောင်းဝန်းကျင် ဈေးရှိနေတယ်လို့လည်း သိရပါတယ်။
နောင်မွန် ဒေသခံတွေဟာ စက်သုံးဆီတွေကို ပူတာအိုဘက်က အဓိက သယ်ယူသုံးစွဲကြတာ ဖြစ်ပြီးတော့ ပူတာအိုမှာ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ပြတ်လပ်ပြီး ဈေးမြင့်တက်တုန်းကလည်း နောင်မွန်မှာ အကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့ အောက်တိုဘာလ တတိယအပတ်လောက်ကနေ တရုတ်နယ်စပ်က ကန်ပိုက်တီဂိတ်ကို ပိတ်ထားခဲ့ပါတယ်။
အဲဒီဂိတ်ပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်အတွင်း စက်သုံးဆီမဝင်တော့ဘဲ ဈေးမြင့်တက်မှုတွေမှုတွေ ကြုံနေရပြီး ပြတ်လပ်တာတွေအထိ ဖြစ်လာတာပါ။







