ဒီဇင်ဘာ၊ ၃
စစ်ကောင်စီရဲ့ တပ်စခန်းဆုတ်ပြေးမှုဟာ ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်မှာ အများဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
တစ်နိုင်လုံးအတိုင်းအတာအနေနဲ့ တပ်စခန်းဆုတ်ပြေးမှုဟာ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိ ၁၃၅ ခု ရှိတယ်လို့ MOD လက်အောက်ခံ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီထဲမှာ ကချင်ပြည်နယ်မှာ တပ်စခန်းဆုတ်ပြေးမှု ၂၉ ခုနဲ့ အများဆုံးဖြစ်နေပြီး ဒုတိယအများဆုံးအဖြစ် ကရင်ပြည်နယ်မှာ ၂၁ ခု၊ တတိယအများဆုံးအဖြစ် မကွေးတိုင်းက ၁၆ ခုဖြစ်တယ်လို့ သိရပါတယ်။
“ရန်သူဟာ ထိုးစစ်အခြေအနေကနေ ခံစစ်အခြေအနေကို ရောက်သွားရုံသာမက နယ်မြေလက်လွှတ်ရမှု များပြားလာတာကို စခန်းဆုတ်ခွာမှု စာရင်းက ပြပါတယ်။“ လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်း – ပကဖ) က ဆိုပါတယ်။
အခုအချက်အလက်တွေဟာ ရရှိထားတဲ့ စာရင်းတွေအရသာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုများနိုင်တယ်လို့လည်း စစ်ကိုင်း – ပကဖ ကထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ တရုတ်- မြန်မာ ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီမြို့အပါအဝင် ဆွမ်ပရာဘွမ်မြို့၊ အင်ဂျန်းယန်မြို့နယ်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့၊ မံစီမြို့ အပြင် ချီဖွေ၊ဆော့လော်၊ ပန်ဝါ၊ ဖီမော်စရှိတဲ့ ဒေသတွေကို လက်ရှိအချိန်မှာ ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ကချင်အထူးဒေသ ၁ ကို KIA ပူပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်တဲ့အချိန် နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ စခန်းစွန့်ခွာပေးတာတွေ များခဲ့တဲ့ အခြေအနေကိုလည်း တွေ့ရပါတယ်။
စစ်တပ်စခန်းတွေ အနေနဲ့တော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာတွေမှာ အခုနှစ်ထဲမတ်လကနေ အောက်တိုဘာလထအထိ စစ်ကောင်စီရဲ့စခန်းပေါင်း ၂၂၀ ကျော်ကို သိမ်းထားနိုင်ပြီလို့လည်း KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားဖူးပါတယ်။