
ဒီဇင်ဘာ၊ ၃
မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်ခံစားရသူအရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကစပြီး ဆက်တိုက်မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ တုန်းကတော့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်ခံစားရသူအရေအတွက်ဟာ ၂၅၂ ဦးရှိခဲ့တာကနေ ၂၀၂၁ ခုနှစ်မှာတော့ ၂၈၄ ဦး ရှိခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်မှာ ၃၉၀ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၁,၀၅၂ ဦးရှိခဲ့တာကြောင့် ၃ ဆနီးပါး မြင့်တက်သွားခဲ့တာပါ။
အခုနှစ်ထဲမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ထိခိုက်ခံစားရသူအရေအတွက်ဟာ ၈၈၉ ဦးအထိ ရှိနေပြီး အဲဒီထဲမှာ ကလေးအရေအတွက် ၂၄၅ ဦးထိ ပါဝင်နေတယ်လို့ UNICEF က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်ခံစားရသူအရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကစပြီး ၂၀၂၄ ခုနှစ်မှာလည်း ဆက်တိုက်မြင့်တက်လာတာဖြစ်ပါတယ်။
အခု ၂၀၂၄ ခုနှစ်ထဲမှာတော့ ရှမ်းပြည်နယ်ဟာ ထိခိုက်ခံစားရသူ အများဆုံးအဖြစ် ၂၅ ရာခိုင်နှုန်းရှိနေပြီး စစ်ကိုင်းတိုင်းကတော့ ၁၇ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်ကတော့ ၁၂ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီအချက်အလက်တွေဟာ အရပ်သားတွေရဲ့အရေအတွက်သာဖြစ်တယ်လို့ UNICEF က ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေသလို အဲဒီလိုပစ်ခတ်တဲ့အချိန် မပေါက်ကွဲတဲ့ လက်နက်ကြီးတွေလည်း ရှိနေတဲ့အပြင် ကျေးရွာတွေနားမှာ မြေမြှုပ်မိုင်းထောင်တာတွေကိုလည်း ပြုလုပ်နေတုန်း ဖြစ်ပါတယ်။
အဲဒီလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေနဲ့ မြေမြှုပ်မိုင်းတွေကို အန္တရာယ်ကင်းအောင် တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ပေးနေသလို အဲဒီလိုပြုလုပ်ပေးချိန် ပေါက်ကွဲပြီး ဒဏ်ရာရတဲ့သူတွေဟာလည်း အများအပြားရှိနေပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မွေးရာပါမသန်စွမ်းတွေအပြင် တိုက်ပွဲတွေအတွင်းက စစ်ကျန်လက်နက်တွေ မြေမြှပ်မိုင်းတွေ၊ လက်နက်ထိခိုက်မှုတွေကြောင့် သေဆုံးသူတွေအပြင် မသန်စွမ်းဖြစ်သွားသူတွေလည်း အများအပြားရှိနေတာပါ။
ပုံစာ – ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သွားသည့် ဆယ်ကျော်သက်တစ်ဦး/ Photo – UNICEF Myanmar/2022/Nyan Zay Htet