ဇွန်၊၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ပင်ကြိမ်ကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
စီခမ်းကြီးကျေးရွာက ခလရ (၃၄၈) တပ်ကနေ တပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဘက်ကနေ ပင်ကြိမ်ကျေးရွာအနီးမှာ လမ်းပိတ်တာတွေ ပြုလုပ်ထားတာကြောင့် ဇွန်လ ၁၈ ရက်နေ့ က လေကြောင်းအသုံးပြု ပြန်လည်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဒေသခံက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” ဒေသခံတွေက ထွက်ပြေးနေကြတယ်။ တချို့ ဗန်းမော် ရောက်တဲ့သူကရောက် အထက်ဘက် ပြေးတဲ့သူကပြေး။ တစ်ချို့ကြတော့ တောထဲပြေးနေကြတယ်” လို့ ဒေသခံက ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ နောက်တစ်နေ့ မနက်မှာတော့ ပင်ကြိမ်ကျေးရွာ အထက်ဘက် PDF တွေရှိတဲ့ ဘုရားကုန်းမှာ နောက်ထပ်တစ်ကြိမ် လေယာဉ်နဲ့ ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကနေ ဒေသခံတွေကို ခေါ်ဆောင်သွားတာတွေရှိခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးတာတွေရှိပေမဲ့ တချို့ကိုတော့ မလွှတ်ပေးသေးဘူးလို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။
ဒေသခံပြောပြချက်အရ လက်ရှိအချိန် ပင်ကြိမ်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဘက်က တပ်စွဲနေပြီး စစ်ကြောင်း ၅ ကြောင်းခန့်နဲ့ စစ်ရေးလှုပ်ရှားနေပြီးတော့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပင်ကြိမ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီးတော့ KIA တပ်မဟာ (၃) အောက် တပ်ရင်း (၁၂) တို့ရဲ့ လှုပ်ရှားရာနယ်မြေလည်း ဖြစ်ပါတယ်။







