ဖေဖော်ဝါရီ၊ ၉
နေပြည်တော်အစိုးရကို NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးမြန်းထားတဲ့အပြင် တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIO က လက်မခံဘူးလို့ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေ အားလုံးကို ပြောပြထားပြီးသား ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ကျင်းပတဲ့ ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ အွန်လိုင်းမိန့်ခွန်းထဲမှာ ကချင်လွတ်လပ်မြောက်ရေးကောင်စီ (KIC) ဒုဥက္ကဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောခဲ့တာပါ။
“ဒီကနေ့အထိ ကျွန်တော်တို့ သွားနေတဲ့မူကတော့ တော်လှန်ရေး အင်အားစုများနဲ့ လက်တွဲတယ်။ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တစ်ဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUGနဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးထားပါတယ်။ တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIOက လက်ခံမှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်း နိုင်ငံများ အားလုံးကို ပြောပြထားပြီးသား ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ သွားနေတဲ့ တော်လှန်ရေး ခရီးဟာ ၆၅ နှစ် ပြည့်သွားတဲ့အခါမှာ ကျွန်တော်တို့ ဘယ်လို တည်ဆောက်ထားပြီလဲ၊ ဘယ်လောက်ထိ တည်ဆောက်ထားပြီလဲဆ ိုတဲ့အပေါ် ကျွန်တော်တို့ ပြန်ပြီး သုံးသပ်နေပါတယ်။”လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၆ ဟာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာမယ့် နှစ်လို့ မျှော်လင့်ထားကြောင်းနဲ့ တောက်လျှောက် ကြိုးစားနေကြောင်းကိုလည်း အခုလို ဆက်လက်ပြောပါတယ်။
“KIO တော့ သတင်းတွေကို သိပ်ပြီးမှ ထုတ်ပြန်လေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆို တစ်ခါတလေမှာ တစ်ချို့ သတင်းတွေ ထုတ်ပြန်လိုက်တဲ့အခါမှာ တစ်ဖက်ကနေ ပြန်ကြီး Counter လုပ်တာတို့၊ စိတ်ဓာတ် စစ်ဆင်ရေးတို့ လုပ်တတ်ပါတယ်။ ဥပမာ လေယာဉ်တိုက်ခိုက်တဲ့ သတင်းတွေပေါ့လေ။ သိပ်မထုတ် ပါဘူး။ တကယ်လည်း တောက်လျှောက်လုပ်နေပါတယ်။ မနေ့ကဆိုရင် မြစ်ကြီးနားလေတပ်စခန်းရဲ့ ရေဒါတစ်ခု ကျွန်တော်တို့ ဖျက်ဆီးပစ်ပါတယ်။ ဗန်းမော်မှာလည်း ကျွန်တော်တို့ တင့်ကားတစ်စီး ပျက်ပါတယ် မနေ့က။ ဒီ ၂ လထဲမှာပဲ တင့်ကား ၇ စီးလောက် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ မနေ့က လေတပ်စခန်းရဲ့ ရေဒါကို ဖျက်ဆီးခဲ့တာ ဖြစ်တယ်။ “လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတာနဲ့ KIO ဗဟိုကော်မတီဟာ ၉ နာရီအချိန်မှာ အစည်းအဝေး ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်တွေကိုလည်း အဲဒီနေ့မှာပဲ ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ လူထုကိုတော့ ထုတ်ပြန်တာတွေ မလုပ်ဘဲ အခြေအနေစောင့်ကြည့်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ခဲ့တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားတာကို တွေ့ရှိရတာပါ။
ဒါ့အပြင် အာဏာသိမ်းစဉ်အချိန်က တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန် တိုက်ပွဲတွေ ဖြစ်လာနိုင်ကြောင်း ပွင့်ပွင့်လင်းလင် ပြောဆိုမှု ရှိခဲ့ပြီးတော့ တရုတ်အစိုးရဘက်ကတော့ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောဆိုမှု ရှိတယ်လို့ သိရပါတယ်။
“တရုတ်အစိုးရက တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောတယ်။ ကျွန်တော်တို့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ရမှာ ဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ကျွန်တော်တို့က ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကချင်ပြည်က တံခါးပေါက် လုံခြုံရေးတော့ သေချာပေါက် လုပ်ရမယ်လို့ ဖေဖော်ဝါရီ ၂ရက်နေ့မှာ ကျွန်တော်တို့ ပြောတယ်။“လို့ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။
အဲဒီနောက် အညာဘက်က အင်အားစုတွေ ရောက်ရှိလာပြီး ကောလင်း၊ ကသာ၊ ကန့်ဘလူ (က)သုံးလုံးဆိုတဲ့နယ်မြေမှာ ဒီမိုကရေစီ အင်အားစုတွေက ခိုင်မာတဲ့ နယ်မြေရရှိရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အဲဒီကတည်းက ချခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်တပ်ရဲ့ အာဏာ ၅ နှစ်တာ ကာလအတွင်း ကချင်ပြည်နယ်ရဲ့ နေရာဒေသအများအပြားမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နယ်မြေ ဒေသတချို့ကို KIA တပ်ပေါင်းစုကနေ ထိန်းချုပ်နိုင်ခဲ့သလို စစ်တပ်ဘက်ကလည်း လက်လွှတ်ခဲ့တဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။







