နယ်မြေတည်ငြိမ်မှု မရှိသေးတာကြောင့် ဆိုင်းတောင်ဒေသခံတွေ နေရပ်ပြန်လို့မရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

132

 

အောက်တိုဘာ၊၁၀

ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်မှာရှိတဲ့ Lucky Men ဟိုတယ်က စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပေမဲ့ နယ်မြေတည်ငြိမ်မှု မရှိသေးတာကြောင့် ဒေသခံတွေ ပြန်လို့မရသေးဘူးလို့ KIA/KIOသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Lucky Man ဟိုတယ်မှာ ဝင်နေတဲ့ စစ်ကြောင်းတွေကို အကုန်ရှင်းလင်းနိုင်ခဲ့ပြီ။ အခုဒေသခံတွေ ကိုယ်အရပ်ဒေသကို ပြန်လာနေလို့ မရသေးဘူး။ နယ်မြေရှင်းလင်းရေး လုပ်နေသေးလို့ပေါ့။ တည်ငြိမ်မှုမရှိသေးဘူး။”လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ တစ်လကြာ တပ်စွဲနေတဲ့ Lucky Men ဟိုတယ်နဲ့ KTVကို KIA၊ PDFပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အောက်တိုဘာလ ၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့တာပါ။

Lucky Men ဟိုတယ်မှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆိုင်းတောင်ကျေးရွာက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဆိုင်းတောင်းကျေးရွာက စစ်ကောင်စီတပ်နဲ့ KIA၊KPDFပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ ဒေသခံပြည်သူ ၃၀ ကျော် ရှိခဲ့တယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံနေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့က KIA တပ်သားတွေရှိနေတဲ့ Lucky Men ဟိုတယ်ကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး တစ်လကြာတဲ့အထိ တပ်စွဲခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၂ ရက်နေ့က ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီရဲကုန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားက ဆိုင်းတောင်ကျေးရွာက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here