ပန်ဝါမြို့အနီးက ၁၀၀၂ တပ်ရှိရာ လုပြည်ရွာမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ပန်ဝါမြို့ဘက်ကို တိမ်းရှောင်နေရ

150

 

အောက်တိုဘာ၊၁၁

ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့အနီးက နယ်ခြားစောင့်တပ်ရင်း(BGF) ၁၀၀၂ တည်ရှိရာ လုပြည်ရွာမှာ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်ဖွဲ့ ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ပန်ဝါမြို့ဘက်ကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်လောက်ကနေ ပစ်ခတ်သံတွေ ကြားလာရတာဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့လည်း နေ့စဉ်လာရောက်ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ပန်ဝါဒေသကို ရောက်ရှိနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

မနေ့ညတစ်ညလုံးတိုက်နေတာ။ အကုန်လုံးကြောက်လာတယ်လေ။ လုပြည်ပြီးရင် ချန်းရင်ခူးရောက်လာတော့မယ်လေ။ ချန်းရင်ခူးရယ် ပန်ဝါရယ် ဒါပဲရှိတော့တယ်လေ။ ချန်းရင်ခူးကလူတွေ အကုန်လုံးကြောက်ပြီးတော့မှ မနေ့ညကပန်ဝါဘက် အကုန်လုံးပြေးကြတယ်တဲ့။“လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိအချိန်မှာ တချို့ပြည်သူတွေဟာ ပန်ဝါမြို့က ဘုရားကျောင်းတွေမှာ ခိုလှုံနေကြသလို တချို့ပြည်သူတွေကတော့ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်ဖွင့်ပေးတာကြောင့် ဒီဘက်ကို သွားရောက်ခိုလှုံကြတယ်လို့ ပန်ဝါမြို့ပေါ်စစ်ရှောင်နေတဲ့ ပြည်သူတစ်ဦးဆီက ကြားသိရပါတယ်။

ပန်ဝါမြို့ပေါ်မှာတော့ စစ်ကောင်စီနဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာ စစ်သားစုဆောင်းတာတွေကို အရင်ကထက် တိုးမြင့်လုပ်ဆောင်မှုတွေလည်း ရှိနေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်လို့လည်း သိရပါတယ်။

KIA က ချီဖွေမြို့နဲ့ ဆော့လော်မြို့ကို သိမ်းပိုက်ပြီးနောက် အဲဒီဒေသတွေဘက်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း သတိပေးပါတယ်။

အဲဒီဘက်မှာ KIA တပ်ဖွဲ့တွေ ဆက်တိုက်ဆိုသလို နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်လို့ အချိန်အခါမဟုတ် တိုက်ပွဲဖြစ်လာနိုင်တယ်။လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ပန်ဝါဒေသဟာ မြေရှားသတ္တုအများဆုံးတူးဖော်လုပ်ကိုင်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး ကချင်အထူးဒေသ(၁)ရဲ့ ၁၀၀၂ တပ်ရှိရာနေရာတစ်ခုလည်း ဖြစ်သလို ရုံးချုပ်အခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ကစပြီး ချီဖွေမြို့နဲ့ ဆော့လော်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA, PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာ အောက်တိုဘာလ ၁ ရက်နေ့မှာ ချီဖွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဆော့လော်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ပန်ဝါမြို့ဘက်ကို တိုက်ပွဲတွေ ဆင်နွှဲလာတာကိုလည်း တွေ့ရပါတယ်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး မြို့အရှေ့ဘက် (ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်)နဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့ကတော့ KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ အထက်ပါ မြို့ ၂ မြို့အပြင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကိုပါ သိမ်းယူထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မဘိမ်းနဲ့ နမ့်ဖတ်ကာမြို့တွေကို ထိန်းချုပ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here