အောက်တိုဘာ၊၉
Lucky Men ဟိုတယ်ကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFပူးပေါင်းတပ်တွေက ရှာဖွေရှင်းလင်းနေပြီး စစ်ကောင်စီတပ်သား သုံးဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ Lucky Men ဟိုတယ်ကို KIA က ဝင်ရောက်တိုက်ခိုက်တဲ့အချိန် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ကတည်းကနေ လိုက်လံရှင်းလင်းနေတာ ဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ဆယ်ယောက်ကျော်လောက် ဟုတ်မယ်ထင်တယ်။ အဲဒါကို ပြန်ဝိုင်းနေတယ်။ သုံးယောက်ကို ပြန်ဖမ်းမိတယ်။“လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
Lucky Men ဟိုတယ်ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အချိန် ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်းနဲ့ စနိုက်ပါသမားအပါ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်တယ်လို့ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA၊KPDFပူးပေါင်းတပ်တွေကနေ ရှင်းလင်းနေဆဲဖြစ်တယ်လို့ KIA/KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို မနေ့ အောက်တိုဘာလ ၈ ရက်နေ့က ဖြေကြားထားပါတယ်။
“အဲဒီမှာရှိတဲ့စစ်ကောင်စီတပ်တွေ ထွက်လာတာကို လိုက်ပစ်တယ်။အခု ဟိုတယ်ကို မီးရှို့ဖျက်ဆီးပေးနေတဲ့ အခြေအနေတော့ ရောက်နေပြီ။”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မနေ့က စစ်ကောင်စီတပ်တွေတပ်စွဲနေတဲ့ Lucky Men ဟိုတယ်နဲ့ KTV ကို KIA၊ KPDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦးလောက် ဖမ်းဆီးရမိခဲ့ပြီးတော့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့က KIA တပ်သားတွေရှိနေတဲ့ Lucky Men ဟိုတယ်ကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး တစ်လကြာတဲ့အထိ တပ်စွဲခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့က ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီရဲကုန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားက ဆိုင်းတောင်ကျေးရွာက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။