ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ နေရပ်ပြန်စစ်ရှောင်ကျေးရွာများတွင် ငှက်ဖျားရောဂါများ ဖြစ်ပွားနေ

304

ဇူလိုင်၊ ၄

ဝိုင်းမော်- လိုင်ဇာလမ်းပေါ်က စစ်ရှောင်နေရပ်ပြန် ကျေးရွာတွေဖြစ်တဲ့ ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေက ဒေသခံပြည်သူ အယောက် ၁၀၀ လောက် ငှက်ဖျားရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဒီနှစ်အစောပိုင်းက အားလုံးနီးပါး မိမိနေရပ်ကို ပြန်လာကြတာဖြစ်တဲ့အတွက် ခြင်တွေကို ကောင်းကောင်းမွန်မွန် မနှိမ်နင်းနိုင်ခဲ့တာကြောင့် အခုလို ငှက်ဖျားဖြစ်နေတာလို့ ဂါးရာယန်ကျေးရွာနေ ရပ်မိ၊ ရပ်ဖတစ်ဦးက ပြောပါတယ်။

” လွန်ခဲ့တဲ့ နွေရာသီမှာ ခုတ်ထွင်ရှင်းလင်းလိုက်ပြီဆိုပေမဲ့ မိုးတွင်းဝင်တာနဲ့ ခြုံတွေပြန်ထလာတော့ ခြုံတွေများလို့လည်း ဖြစ်နိုင်တယ်။ ငှက်ဖျားပိုးသယ်ဆောင်ထားတဲ့ ခြင်ကို ကျနော်တို့ သေချာမကာကွယ်နိုင်၊ မတွန်းလှန်နိုင်လို့ထင်တယ်။ ငှက်ဖျားဖြစ်ပွားနှုန်းမြင့်နေတယ်။“လို့ ဆိုပါတယ်။

ကျန်းမားရေးဌာနက ထောက်ပံ့ပေးထားတဲ့ ဆေးစစ်တံတွေနဲ့ ငှက်ဖျားကာကွယ်ဆေးတွေကို ၃ ရွာစလုံးမျှပြီး သုံးစွဲနေရတဲ့အပြင် ပြည်နယ်ကောင်စီအဖွဲ့ကနေ ငှက်ဖျားတိုက်ဖျက်ရေး စီမံကိန်းအနေနဲ့ လွန်ခဲ့တဲ့လက ဆေးကုသပေးထားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရွာအတွင်းက ငှက်ဖျားလက္ခဏာပြတဲ့သူတွေကို နှစ်ကြိမ်လောက် စစ်ဆေးပေးနေရတာဖြစ်တာကြောင့် ဆေးစစ်တံ မလုံလောက်တဲ့အတွက် ဒေသခံအားလုံးကို စစ်ဆေးပေးနိုင်တာ မရှိဘူးလို့လည်း အထက်ပါရပ်မိရပ်ဖက ဆက်လက်ပြောပါတယ်။

“လူနာတစ်ယောက်ကို ၂ ခု (ဆေးစစ်တံ) ကိုင်လိုက်ရတဲ့အခါတွေ ရှိတယ်။ မဖျားတဲ့သူတွေကို စစ်ဖို့ဆိုရင်တော့ လုံလောက်မှုမရှိဘူး။ စစ်တံပြတ်လပ်တာ၊ ဆေးပြတ်လပ်တာတွေရှိတယ်။“လို့ ဆိုပါတယ်။

ရွာ ၃ ရွာက ပြည်သူတွေအတွက် ဂါးရာယန်ကျေးရွာမှာ ဆေးပေးခန်းတစ်ခု ဖွင့်ထားပေးပေမဲ့ တာဝန်ခံ ဆရာမတစ်ယောက်ပဲ ရှိတာကြောင့် မနိုင်မနင်းဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆေးပေးခန်း နေ့တိုင်းမဖွင့်တဲ့အတွက် ရွှေညောင်ပင်ကျေးရွာဘက်ကို သွားရောက်ကုသဖို့ကလည်း သွားရေးလာရေး အဆင်မပြေတာကြောင့် ဆေးရှိတဲ့ အိမ်နီးနားချင်းတွေဆီကနေ တောင်းယူသောက်သုံးနေရတယ်လို့ ကဇူးယန်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အထက်ပါကျေးရွာတွေကို ပြန်လာနေထိုင်ကြတဲ့ နေရပ်ပြန်စစ်ရှောင် အယောက် ၄၀၀၀ နီးပါးရှိပြီဖြစ်တဲ့အတွက် ဆေးဝါးနဲ့ တခြားအကူအညီတွေ လိုအပ်နေတာပါ။

အဲဒီကျေးရွာတွေနဲ့ တခြားဒေသတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေကို ပို့ပေးနိုင်ဖို့ သင်တန်းတွေ ပို့ချပေးနေတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေကလည်း အားလုံးက CDM လုပ်သွားတော့ ခက်သွားတာလေ။ CDM လုပ်တဲ့သူများသွားတော့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ ပြန်ခက်သွားတယ်။ အခု တစ်ယောက်၊ နှစ်ယောက်က သင်တန်းဆင်းပြီး ပြန်ခန့်နေပေမဲ့ မလုံလောက်နိုင်ဘူး ဖြစ်နေတယ်။“လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

ဒါ့အပြင် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းက ပြည်သူအချို့လည်း ငှက်ဖျားရောဂါဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာ ဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် မိမိကျေးရွာတွေကို စွန့်ခွာခဲ့ရပြီး ၂၀၂၂ ခုနှစ်က ကျေးရွာတွင်း ပြန်လည်နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here